ကောင်းမှုပြုသူ
ကောင်းမှုပြုသောသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
နောင်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။
ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။
ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။
( ဓမ္မပဒ)
စိတ်ကိုစောင့်ရှောက်
အလွန်သိမြင်နိုင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့်အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။
( ဓမ္မပဒ-စိတ္တ၀ဂ်)
ကောင်းမှုပြုသူ၏ ကောင်းသောအကျိုး
ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း
ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး
မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။
ကောင်းမှုအကျိုးပေးသောအခါ၌မူကား
ကောင်းမှုပြုသူသည်
ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။
(ဓမ္မပဒ၊ သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)
ချမ်းသာခြင်းအကြောင်း
ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
(ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု)
သံကိုသံဖျက် သံချေးတက်
သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)
ပျက်စီးကြောင်း အညစ်အကြေးများ
စာပေကျမ်းဂန် အတတ်ပညာတို့သည်
မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
အိမ်တို့သည်ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း)အညစ်အကြေးရှိကုန်၏။
ပျင်းရိခြင်းသည် အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု)
မြတ်သော သောတာပန်
မြေတပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တလောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)
သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်
* သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများ မေတ္တာခြုံ။
* သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် ကိုယ့်မှာလုံ။
* သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။
တိပိဋကဓရ ယော-ဆရာတော်
စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
စစ်ကိုင်းရွှေဟင်္သာဆရာတော်