စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

ပိဋကတ်တော်လာ-ဥပမာများ

               ကုဏ္ဍိမြို့အနီးရှိ သာဏတောင်ကို အမှီပြု၍ နေထိုင်သဖြင့် သာဏ၀ါသီဘွဲ့ မည်တွင်လာခဲ့သော မထေရ်မြတ်၏ ငယ်မည်မှာ ပေါဋ္ဌပါဒ ဖြစ်၏။ ပေါဋ္ဌပါဒ၏ မိဘနှစ်ပါးတို့မှာ တံငါသည်များဖြစ်ကြ၍ သူ့ကို ကုဏ္ဍိမြို့အနီးက တံငါရွာတွင် ဖွားမြင်ခဲ့ပေသည်။

      တံငါရွာ၌ဖွားမြင်လာခဲ့သမျှ ကလေးသူငယ်တို့သည် လူမှန်းသိတတ်လာသည့် အရွယ်မှ စတင်ကာ မိဘတို့၏ အသက်မွေးဝမ်းကျောင်း တံငါလုပ်ငန်းနှင့် ယဉ်ပါးလာခဲ့ကြ၏။ ပိုက်ထဲမှထွက်ကျကာ လူးလွန့်လှုပ်ရှား နေကြသော ငါးတို့ကို ကောက်ယူပေးခြင်း စသည်ဖြင့် တံငါလုပ်ငန်းခွင်မှာ ပါဝင်လာခဲ့ကြ၏။ အသက်အရွယ် ရလာသည်နှင့် အမျှ တံငါတို့လုပ်ငန်းအပေါ်မှာ စိတ်ပါဝင်စားလာ ခဲ့ကြ၏။


           ပေါဋ္ဌပါဒသူငယ်သည်ကား ထိုအုပ်စုထဲတွင် မပါဝင်ပေ။ သူသည် လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ သက်ရှိသတ္တ၀ါကလေးများကို သနားတတ်၏။ သူကလေးတို့ကို အသေသတ်ဖို့ နေနေသာသာ နားကျဉ်းသွားအောင် ရိုက်နှက်ခြင်းကိုမျှ မပြုရက်ပါချေ။ ဤသို့ မကောင်းသော အမှုတို့ကို ငယ်ငယ်ရွယ်ရွယ် လေးနှင့် ကြောက်ရကောင်းမှန်း သိနေရသည်မှာ ဇာတိဿရဉာဏ်ကို ရရှိထား၍ ဖြစ်ပေသည်။

             ဇာတိဿရဉာဏ်ဟူသည်မှာ အတိတ်ကာလတုန်းက ကျင်လည်ခဲ့ရသည့်ဘ၀တို့ကို ပြန်လည်အောက်မေ့ နိုင်သော ဉာဏ်တမျိုးဖြစ်၏။ ထိုဉာဏ်ကို ရရှိရေးအတွက် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ မရနိုင်ပါ။ အချို့သူများအတွက် တမင်တကာ ကြိုးစား၍ မနေရဘဲ အလိုအလျောက် ရလာတတ်သော ဉာဏ်မျိုးဖြစ်ပေ သည်။

          ပေါဋ္ဌပါဒလုလင်သည် ထိုဇာတိဿရဉာဏ်ဖြင့် မိမိ၏ အတိတ်ခန္ဓာအစဉ်ကို ပြန်လည်အောက်မေ့လေရာ ဗာရာဏသီမြို့တော်၌ ထီးနန်းစိုးစံခဲ့သော ကိတ၀မင်း၏ သားတော်ဖြစ်ခဲ့ပုံကို သတိရလာ၏။ ထိုစဉ်တုန်းက သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော် ကွယ်ပနေဆဲဖြစ်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များသာ ရံဖန်ရံခါ ပေါ်တော်မူလာတတ်ကြ၏။

                ထိုအချိန်က မိမိဘာသာ သစ္စာဉာဏ် အလင်းပေါက်ကာ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်တော်မူခဲ့၍ သုနေတ္တဘွဲ့မည်တော်ရှိသော အရှင်မြတ်သည် ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံရန် ၀င်တော်မူလာ၏။ ထိုအချိန်တွင် ကိတ၀မင်း၏ သားတော်သည်လည်း ဥယျာဉ်တော်တွင် ပျော်ရွှင်စွာ ကစားရာမှ ဆင်းတော်စီး၍ မြို့တော်တွင်းသို့ ပြန်ဝင်လာ၏။ မင်းသားသည် ခမည်းတော် ကိတ၀မင်းကြီး၏ တန်ခိုးအာဏာကို အမှီပြုကာ မာန်မာန ခက်ထန်လှ၏။ တိုင်းသူပြည်သားအပေါင်းက ခမည်းတော်မင်းကြီး တန်ခိုးအာဏာကြောင့် သူ့ကို လှမ်းမြင်ရသည့်နေရာမှ ခြေစုံရပ်ကာ လက်အုပ်ချီ၍ အရိုအသေပြုနေကြရ၏။ ဆင်တော်နှင့်ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သူဖြတ်ကျော်၍သွားခါမှ နေရာမှ ရွှေ့ခွင့်ရကြ၏။

           ဗာရာဏသီမြို့တော်သို့ ဆွမ်းခံဝင်လာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်ကား သူ့ကို ကောင်းကောင်းကြီးမြင်နေ ပါလျက် မြင်ရာအရပ်က ခြေစုံရပ်၍လည်း မနေပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း မပြုပါချေ။ မြင်မြင်သမျှ လူအပေါင်းက အရိုအသေပေးနေကြပါလျက် ဤသူတယောက်က မကြောက်မလန့် မခံ့မညားနေနေသည့် အတွက် မင်းသားမှာ အခံရခက်လှ၏။ ငါကဲ့သို့သော မင်းသားကို မလေးမခံ့ ပြုရာသလော-ဟု အပြင်းအထန် မျက်မှန်ပွားမိ၏။

              ထို့ကြောင့် မင်းသားသည် ဆင်တော်ပေါ်မှ ကပျာကယာဆင်းကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ချဉ်းကပ်ကာ-ဘယ်လိုလဲကွ၊ စားစရာလေးများ ရလာခဲ့ပြီလား-ဟုမေး၏။
           သူ့မေးခွန်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က အဖြေမပေးရသေးခင်ကပင် သူက အရှင်မြတ်၏သပိတ်ကို ဆွဲလုယူလိုက်ပြီးလျှင် မြေပေါ်မှာ ပေါက်ခွဲ၍ ပစ်လိုက်လေသည်။

                  ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည်ကား တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏။ မိမိအား ကြည်ညိုလေးမြတ် ဆည်းကပ် ပူဇော်သူကို၎င်း၊ မခန့်လေးစား စော်ကားကျူးလွန်သူကို၎င်း တထပ်တည်း၊ တမျိုးတည်းသာ သဘောထားတော် မူ၏။ အဆင့်အမြင့်ဆုံးသော ဥပေက္ခာဗြဟ္မစိုရ်တရားဖြင့် သူ့ကို မမှိတ်မသုန် ကြည့်ရှု၍ နေတော်မူ၏။

                    ဤသို့ စူးစူးစိုက်စိုက် ကြည့်ရှု၍ နေသည်ကိုပင် မင်းသားကတော့ မိမိအား ရန်တုံ့မူနေသည်ဟု ထင်မှတ်နေ၏။ ထို့ကြောင့်-အောင်မာ မင်းက ငါ့ကိုများ စူးစူးကြီးကြည့်လို့၊ ကဲ ကြည့်ချင်သလောက် ကြည့်လိုက်စမ်းကွာ။ ကြည့်ပြီးတော့ကော မင်းက ဘာများတတ်နိုင်မှာမို့လဲ။
ဤသို့ မခိုးမခန့် ပြက်ရယ်ပြောင်လှောင်ကာ ဆင်ပေါ်သို့ ပြန်တက်လာခဲ့၏။

                 လူ့လောက၌ အထွတ်မြတ်ဆုံး သူတော်စင်ကြီးအား ပြစ်မှားမိသော အကုသိုလ်ကံသည် သူ့ကို နန်းတော်ထိအောင် ရောက်ခွင့်မပေးတော့ပါ။ ရုတ်တရက် လောင်မီးကြီးကျသကဲ့သို့ သူ့တကိုယ်လုံးမှ မီးတောက် မီးလျှံများ ပေါ်ထွက်လာကြ၏။ သက်သာလိုသက်သာငြား ဆင်တော်ပေါ်မှ ဆင်း၍ မြေပြင်ပေါ်မှာ လူးလိမ့်နေပါသော်လည်း သက်သာရမရနိုင်ပါ။ နောက်လိုက်နောက်ပါ အမှုထမ်းတို့ကလည်း မီးငြိမ်းသွားအောင် မစွမ်းနိုင်တော့သဖြင့် မင်းသားမှာ ထိုနေရာမှာပင် လောင်ကျွမ်း၍ သေသွားရပေတော့သည်။

                   မင်းသားဘ၀မှ ကွယ်လွန်၍ နောက်ဘ၀တွင်မူ ထို့ထက်ပြင်းထန်သော မီးဒဏ်ကို ခံရ၏။ မဟာအ၀ီစိငရဲကြီးတွင် နှစ်ပေါင်းရှစ်သောင်းလေးထောင်တိုင်တိုင် ဒုက္ခကြီးစွာ ခံစားလာခဲ့ရ၏။ မဟာအ၀ီစိငရဲကြီးမှ လွတ်လာပြန် တော့လည်း ပြိတ္တာဘ၀သို့ကျရောက်ကာ အစာမစားရ။ ရေတပေါက်မျှ မသောက်ရဘဲ ဆင်းရဲကြီးစွာခံစား၍ လာခဲ့ရပေသည်။

                   ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို နှစ်ပေါင်းမရေတွက်နိုင်လောက်အောင် ခံစား၍ လာခဲ့ရပြီးမှ ယခုဘ၀တွင် တံငါသည်မိသားစုမှ ဖွားမြင်လာခဲ့၏။
               အရိုးအစဉ်အားဖြင့် တံငါသည်၏ သားသမီးမှန်လျှင် တံငါသည်အလုပ်မှာ စိတ်ပါဝင်စားလာကြ၏။ ပေါဋ္ဌပါဒသည်ကား ဇာတိဿရဉာဏ်ကို ရထားသဖြင့် အရိုးအစဉ်မှ သွေဖီလာခဲ့၏။ လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ တံငါသည်လုပ်ငန်းထဲမှာ မပါဝင်ဘဲနေရအောင် ရှောင်တိမ်း၍ နေလာခဲ့၏။ သက်တူရွယ်တူ သူငယ်ကလေးတွေ တံငါလုပ်ငန်းခွင်သို့ လိုက်ပါသွားကြသည်တွင် ပေါဋ္ဌပါဒကတော့ အိမ်မှာ ကုတ်ကပ်၍ နေခဲ့၏။ လူကြီးမိဘများက အတင်းအကြပ်ခေါ်သဖြင့် လိုက်ပါလာပြန်တော့လည်း ငါးများကို ကောက်၍ မယူဘဲ နေလာခဲ့၏။

                 ဤတွင် မိဘများက ငါးများကို ကိုယ့်ဘာသာ ကောက်ယူကာ အိုးထဲမှာထည့်ပြီးလျှင် ငါးဝယ်ယူရန် ကမ်းလှမ်းထားပြီးသော အိမ်သို့ ပေါဋ္ဌပါဒကို အပို့ခိုင်းလိုက်ကြ၏။ ပေါဋ္ဌပါဒသည် ငါးထည့်ထားသောအိုးကို စိတ်မသက်မသာ ထမ်းလာခဲ့ပြီးလျှင် မိဘများ မျက်ကွယ်သို့ရောက်သည်နှင့် တပြိုင်နက် ချောင်းရေထဲမှာ အကုန်လုံး လွှတ်ပစ်လိုက်လေတောာ့သည်။

                ဤသို့အားဖြင့် တံငါသည်သားဖြစ်ပါလျက် ငါးမသတ်ရက်သဖြင့် မိဘများက သူ့ကို နေ့ရောညပါ ကြိမ်းမောင်းပြစ်တင်၍ နေကြ၏။ ဤတွင် ပေါဋ္ဌပါဒသည် လူကြီးမိဘများ၏ အကြိမ်းအမောင်းက လွတ်စေရန် အိမ်ထောင်ခွဲ၍ နေထိုင်သော အကိုကြီးထံသို့သွား၍ ခိုလှုံရ၏။ အကိုကြီးဖြစ်သူမှာ တံငါသည်တဦးပင် ဖြစ်သော်ငြားလည်း ငါးမသတ်ရက်သည့် ညီငယ်ကို ဇွတ်အတင်းမခိုင်းရက်ရှာပါ။ တမိပေါက်တွင် တယောက် ထွန်းတတ်သည့်သဘာဝကို ထောက်ရှုကာ ညီငယ်လေးကို ဖေးဖေးမမ ပြုလာခဲ့၏။ မိဘများအိမ်၌ မျက်နှာကောင်းမရနိုင်ရှာသော ညီငယ်ကို မျက်နှာမငယ်ရအောင် ကျွေးမွေးစောင့်ရှောက်၍ ထားလေသည်။

               ပေါဋ္ဌပါဒမှာ အကိုကြီးအိမ်မှာ ပျော်ပိုက်လျက် အချိန်တန်လျှင် အိမ်သို့ပြန်ရ၏။ သူပြန်လာပြီဆိုလျှင် မိဘနှစ်ပါးတို့၏ နှုတ်ဖျား၌ ကြိမ်းစရာ မောင်းစရာ စကားလုံးတွေက အစီအရီ ရှိနေကြ၏။ ဤသို့ နေ့စဉ်နေ့တိုင်း ကြိမ်းမောင်းလာခဲ့ရာမှ တနေ့သောအခါတွင်မူ မိဘနှစ်ပါးတို့၏ ဒေါသအိုးကြီး ပေါက်ကွဲသည်အထိ ဖြစ်လာပေ တော့သည်။

                  ထိုနေ့တုန်းက မိဘနှစ်ပါးတို့သည် ပေါဋ္ဌပါဒ၏လက်ထဲသို့ ပိုက်တစုံကို ဇွတ်အတင်းထည့်ကာ ရေဆိပ်သို့ တွန်း၍ လွှတ်ခဲ့ကြ၏။ ရော့ ဒီပိုက်နဲ့ ငါတို့လို ငါးရအောင် ဖမ်းခဲ့။ ငါးမရဘဲ ပြန်လာရင်တော့ ဟောဒီကြိမ်တုတ်သာ ကြည့်ထားလေတော့။
                   သူ့အတွက် အသင့်ဆောင်ထားသော ကြိမ်တုတ်ကြီးကိုပြ၍ စေလွှတ်လိုက်ကြ၏။ ပေါဋ္ဌပါဒသည် ကြိမ်တုတ်ကြီးကို ကြောက်လှပါ၏။ အလျားက သုံးတောင်လောက်၊ အလုံးက ကျပ်ပြားလောက်၊ အရင်းမှာလည်း အမြစ်ဖုကြီးက ပါနေသေးသဖြင့် သည်တုတ်ကြီးနှင့်သာ အားကုန်လွှဲ၍ ရိုက်လိုက်ပါက ထွန့်ထွန့်လူး၍ သွားရပေတော့မည်။

                 သို့ရာတွင် ပေါဋ္ဌပါဒအတွက် ထိုကြိမ်တုတ်ကြီးထက် ကြောက်စရာကောင်းသော ဘေးကြီးက ရှိနေ၏။ ငရဲဘုံ ပြိတ္တာဘုံတို့၌ ခံစား၍ လာခဲ့ရသောဒုက္ခတွေနှင့် နှိုင်းစာလိုက်လျှင် သည်ကြိမ်တုတ်မှာ အသေးအမွှားသာ ဖြစ်နေပေတော့သည်။
              သို့ဖြစ်၍ ပေါဋ္ဌပါဒသည် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်ကာ မိဘနှစ်ပါးတို့ပေးလိုက် သော ပိုက်တစုံကို ရေစီးကြောင်းထဲမှာ မျှောပစ်လိုက်လေတော့သည်။

               မိဘများ၏ ရိုးရာလုပ်ငန်းကို ငြင်းပယ်ရုံသာမက မိဘများ၏ အားအကိုးရဆုံး၊ အဖိုးအတန်ဆုံးပစ္စည်းကိုပင် စွန့်ပစ်ခဲ့သဖြင့် သူ့ကို မိဘများက အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ကို ပေးလိုက်ကြ၏။ ထိုအပြစ်ဒဏ် သည်ကား အိမ်မှ အပြီးအပြတ် နှင်ထုတ်လိုက်ခြင်းပါပေတည်း။
                 လက်သစ်တောင်တာ ယူဇနာတို့ဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ဝန်းလှ စွာသော ဤကမ္ဘာမြေပြင်ပေါ်တွင် ပေါဋ္ဌပါဒအဖို့ ရပ်တည်စရာ နေရာလေးတခုမျှ မရှိတော့ပါချေ။ ငါ့မှာ တွယ်ရာမဲ့ ဖြစ်ပါပေါ့ကလား-ဟူသော အားငယ်စိတ်၊ ၀မ်းနည်းကြေကွဲစိတ်ဖြင့် ခြေဦးတည့်ရာ လျှောက် သွားနေမိ၏။ ရောက်တတ်ရာရာ လျှောက်သွားနေ၍ တော်တော်ကြီးကြာလာသည်တွင် သူ့ဝမ်းထဲက ကိုးကိုးကွိကွိ မြည်လာတော့၏။ အစာအိမ်က အစာတောင်းလာ၏။ ဆာလောင်မွတ်သိပ်သည့်ဒဏ်ကို အပြင်းအထန် ခံစားလာရသဖြင့် ငါ့မှာ လူစင်စစ်က ပြိတ္တာဘ၀များ ပြန်ရောက်နေပြီလား-ဟူ၍ပင် ထိတ်လန့်တကြား တွေးတောမိပါသေးသည်။

                 စားစရာလေးများ တွေ့လိုတွေ့ငြား ရှေ့သို့လှမ်းလိုက်၊ နာလွန်းလှသော ၀မ်းဗိုက်ကို ညှာကာ ရပ်နေလိုက်သဖြင့် တရွေ့ရွေ့လှမ်းလာခဲ့ရာ ကံအားလျော်စွာပင် ရဟန်းများ၏ တောနေကျောင်းနားသို့ ရောက်လာလေသည်။
                 ထိုစဉ်တုန်းက အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည် တပည့်ရဟန်းများနှင့်တကွ ကုဏ္ဍိမြို့ကို အမှီပြုကာ သာဏတောင်၌ သီးတင်းသုံးလျက်ရှိ၏။ မထေရ်မြတ်ကြီးတို့ ဆွမ်းစာေးနသည့် အချိန်မှာပင် ပေါဋ္ဌပါဒကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွား၏။ စားချင်သောက်ချင်စိတ်များက လွှမ်းမိုးနေသဖြင့် ကြောက်ရ၊ ရွံ့ရမှန်းပင် မသိတော့ဘဲ ဆွမ်းစားကျောင်းလှေခါးရင်းအထိ ချဉ်းကပ်သွားကာ လည်တမော့မော့နှင့် မျှော်ကြည့်နေရှာ၏။

           အရှင်အာနန္ဒာသည် သူငယ်ကလေးကို လှမ်းမြင်မိကာ အလွန်တရာ ဆာလောင်မွတ်သိပ်နေသည်ကို သတိပြုမိ၏။ ထို့ကြောင့် ရဟန်းများ ဆွမ်းဘုဉ်းပေးအပြီးတွင် ကြွင်းကျန်နေသည့် ဆွမ်းများ၊ ဟင်းများကို စုပေါင်းကာ ခွက်လွတ်တခုမှာ ထည့်၍ ကျွေး၏။ ပေါဋ္ဌပါဒကလည်း ခွက်ထဲမှာ ရှိသမျှကို အပြောင်အစင် စားပြီးလျှင် ခွက်ကို ရေစင်စင်ဆေးကာ ရေစင်မှာ မှောက်ထားလိုက်လေသည်။

          သူငယ်ကလေး၏ လုပ်ပုံကိုင်ပုံကို အကဲခတ်နေခဲ့သော အရှင်အာနန္ဒာသည် ၀တ်တရားကို သိတတ်လှသော သူငယ်ကလေးကို အားရကျေနပ်လှသဖြင့်- 
"သူငယ်၊ မင်း သာသနာ့ဘောင် ၀င်ချင်သလား"-ဟု မေးမြန်းလိုက်ရာ-
တပည့်တော် ၀င်ချင်ပါတယ်ဘုရား။

ပေါဋ္ဌပါဒက မဆိုင်မတွ ဖြေကြားလိုက်ရ၏။
အဖြေစကားလျှောက်ထားရင်း ၀မ်းသာလုံးဆို့လာသဖြင့် သူ့တကိုယ်လုံး ကတုန်ကယင် ဖြစ်နေရ၏။ ရပ်တည်ရာ ရှာမတွေ့ရှာသော သူငယ်လေးတယောက်အဖို့ ဤသို့ ဖိတ်ခေါ်သံထက်ပို၍ ၀မ်းသာစရာ ရှိပါဦးမည်လော။

              အရှင်အာနန္ဒာ မထေရ်မြတ်ကြီး၏ ကရုဏာရိပ်တွင် ခိုလှုံကာ ပေါဋ္ဌပါဒသည် သာမဏေအဖြစ်သို့ တက်လှမ်းလာနိုင်၏။ ဖြစ်သစ်စ ရှင်သာမဏေလေးကို ခေါ်ဆောင်ကာ အရှင်အာနန္ဒာသည် ဘုရားရှင်ရှေ့တော်မှောက်သို့ ၀င်ရောက်ဖူးမြော်၏။
ဤတွင် ဘုရားရှင်က အရှင်အာနန္ဒာအား ဤသာမဏေကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရန် မိန့်ကြားတော်မူလေသည်။

            သို့ရာတွင် သာမဏေလေး ရှင်ပေဋ္ဌပါဒမှာ ရှေးကုသိုလ်ကံ၏ အထောက်အပံ့ကို မရနိုင်သေးသဖြင့် ဘုန်းကံနည်းပါးရှာ၏။ ဆွမ်းကောင်း၊ ဟင်းကောင်း လောင်းလှူမည့်သူ မရှိသလောက် ရှားပါးလှ၏။ အ၀တ်သင်္ကန်းမှာလည်း ရဟန်းတို့ပေးစွန့်သည့် သင်္ကန်းဟောင်းများကိုသာ စပ်ဟပ်ဖာထေး၍ ၀တ်ဆင်နေရ၏။
ဤအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အရှင်ပေါဋ္ဌပါဒကိုခေါ်တော်မူ၍-

              ပေါဋ္ဌပါဒ၊ ရဟန်းများသောက်တဲ့ သောက်ရေအိုးတွေကို ရေကောင်းရေသန့် လောင်းပေးပါ။ ဒီကျင့်ဝတ်ကို နေ့စဉ်မပျက် ဆက်လက်ပြီး ထမ်းဆောင်ပါ-ဟု မိန့်ကြားတော်မူ၏။ ရှင်ပေါဋ္ဌပါဒကလည်း မိန့်ကြားတော်မူသည့် အတိုင်း သောက်ရေခတ်ကျင့်ဝတ်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်နေပေသည်။

          ဤတွင် ဒကာဒကာမများသည် ကျင့်ဝတ်နှင့်ပြည့်စုံလှသော သာမဏေလေးကို ကြည်ညိုလာကြသဖြင့် နေ့စဉ်မပြတ် ဆွမ်းကောင်းဟင်းကောင်းများ လောင်းလှူလာကြ၏။ သင်္ကန်းဒကာ ဒကာမများလည်း ပေါ်ပေါက်လာကြ၏။ ရှင်ပေါဋ္ဌပါဒသည် ကြည်ညိုသဒ္ဓါ ထက်သန်လှစွာသော ဒကာ ဒကာမတို့ကို ပစ္စည်းလေးပါးကို အမှီပြုကာ သာသနာ့ဘောင်မှာ ချမ်းချမ်းသာသာ နေထိုင်လာရာမှ အသက်နှစ်ဆယ် ပြည့်သောအခါ ရဟန်းအဖြစ်သို့ရောက်လာလေသည်။

          ရဟန်းတော် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၏ ထံတော်ပါး၌ ပိဋကတ်ဒေသနာတော်များနှင့် တကွ ပဋိပတ်ကျင့်စဉ်များကိုလည်း ရိုသေလေးမြတ်စွာ သင်ယူကျင့်သုံး၏။ ဤသို့ဖြင့် ပရိယတ်ဒေသနာတော် အစုံစုံကို နှုတ်ငုံဆောင်နိုင်လာသည့်အချိန်မှာပင် ပဋိပတ်ကျင့်စဉ်များကလည်း အရှိန်ကောင်းလာသဖြင့် မဂ်အဆင့်ဆင့် တက်လှမ်းကာ အရဟတ္တဖိုလ်အထိ ခရီးပေါက်လာတော့သည်။

              ရဟန္တာပုဂ္ဂိုလ် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ သီတင်းသုံးတော်မူခဲ့သော သာဏတောင်မှာပင် ဆက်လက်၍ သီတင်းသုံး၏။ ထို့ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေကြသော ဒကာ ဒကာမများက မူလဘွဲ့မည်ရင်းအစား သာဏ၀ါသီမထေရ်-ဟူ၍ ကြည်ညိုလေးမြတ်စွာ ခေါ်ဝေါ်၍ လာခဲ့ကြလေသည်။

             အရှင်သာဏ၀ါသီသည် တပည့်ရဟန်း၁၂-ပါးတို့အား ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးဖြင့် ချီးမြှောက်ကာ သက်တော်ဝါတော် ကြီးရင့်လာကာ မထေရ်ကြီးဘ၀သို့ ရောက်လာလေသည်။
              ဤအချိန်တွင် မထေရ်မြတ်ကြီး၏ ဆွေမျိုးငါးရာတို့ ကွယ်လွန်ကြလေရာ ကုသိုလ်ကောင်းမှုကို တခုမျှ မပြုခဲ့ဘူးကြ၍ ပြိတ္တာဘုံသို့ လားရောက်ကြရ၏။ ထိုတွင် အရှင်မြတ်ကြီး၏ ခမည်းတော်၊ မယ်တော်နှင့် အကိုကြီးတို့မှာ ကုဏ္ဍီမြို့ပတ်ဝန်းကျင်မှာပင် ကျင်လည်နေကြရ၏။ သူတို့မှာ နေ့စဉ်နှင့်အမျှ အပ်ကြီါ်ကြီးဖြင့် ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာဒဏ်ကို ခံစားနေကြရ၏။ ဘယ်လောက်ပူပူ၊ ဘယ်လောက်အေးအေး အ၀တ်ကလေး တထွာတညိုမျှ မကပ်နိုင်ကြပေ။ ပြိတ္တာဘ၀ ရောက်လာသည်မှ စတင်ကာ အစာအာဟာရဟူ၍ လုံးဝမစားရ၊ မသောက်ရသဖြင့် အမြဲတမ်း ဆာလောင်မွတ်သိပ်၍ နေကြရပေသည်။

        သူတို့သည် စားစရာရှာဖွေရင်း သားဖြစ်သူ အရှင်မြတ်ကြီး ဆွမ်းခံကြွနေသည်ကို လှမ်း၍မြင်ကြရပါ၏။ သို့ရာတွင် မိမိတို့က သူ့ကို ပစ်ပစ်ခါခါ အိမ်မှ နှင်ထုတ်ခဲ့ဖူးသည့်အဖြစ်ကို ပြန်လည်၍ သတိရနေကြသဖြင့် ကိုယ်ထင်ပြ၍ အကူအညီမတောင်းရဲကြပေ။
        အကိုကြီးဖြစ်သော ပြိတ္တာသည်ကား လူ့ဘ၀တုန်းက သူ့အပေါ် မေတ္တာရှေ့ထား၍ ပြုစုစောင့်ရှောက်ခဲ့ဖူးသည့် အဖြစ်ကို အားကိုးကာ အရှင်မြတ်ကြီးထံသို့ အရဲစွန့်၍ ချဉ်းကပ်လာ၏။ အရှင်မြတ်ကြီး ဆွမ်းခံကြွရာ လမ်းနဘေးတွင် လေးဖက်ထောက်၍ သွားနေရပုံဖြင့် ကိုယ်ထင်ပြ၏။

          သာဏ၀ါသီ အရှင်မြတ်ကြီးသည်ကား သွားနေကျ လမ်းကြောင်းမှတပါး အခြားသို့ စောင်းငဲ့၍ ကြည့်ရှုလေ့ မရှိသဖြင့် အကိုကြီးပြိတ္တာကို မမြင်မိချေ။ ဤတွင် အကိုကြီးပြိတ္တာက-
အရှင်ဘုရား၊ အရှင်ဘုရား၊ ရပ်တော်မူပါဦးဘုရား။ တပည့်တော်က အရှင်ဘုရားရဲ့ အကိုကြီးပါဘုရား။ ဤသို့ အသံပြု၍ လျှောက်ထားရ၏။ ဤတွင်မှ အရှင်သာဏ၀ါသီက စောင်းငဲ့၍ကြည့်ရှုကာ ဤသို့ တုံ့ပြန်မိန့်ကြား၏။

          အလို အကိုကြီးဘ၀က တယ်ပြီးဆိုးရွားလှပါလား။ ရထားတဲ့ ရုပ်ခန္ဓာကလည်း အရုပ်ဆိုးပါဘိ။ အ၀တ်အစားက လုံးဝမရှိ။ အသားအရေဆိုတာကလည်း လုံးဝမရှိသလောက်၊ တကယ့်ကမ္မဋ္ဌာန်းရုပ် ဖြစ်နေပါပေါ့ကလား။
မှန်ပါ၊ ပြိတ္တာဘုံသားမှန်သမျှ ဒီလိုပဲ ဆင်းရဲကြရပါတယ်ဘုရား။ ဒီလို ဆင်းရဲရတာ တပည့်တော်တယောက်တည်း မဟုတ်ပါဘူး။ အရှင်ဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်ကြီးတွေလည်း ပါဝင်ပါတယ်။ အရှင်ဘုရား ငယ်စဉ်တုန်းမှာ သူတို့က အရှင်ဘုရားကို အိမ်က နှင်ထုတ်ခဲ့ဖူးတာကြောင့် အရှင်ဘုရားရှေ့မှာ ကိုယ်ထင်မပြ၀ံ့ကြပါဘူးဘုရား။

အို- ဖြစ်ရလေ၊ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီလေ။ ဒီတော့ အကိုကြီးက ခမည်းတော်နဲ့ မယ်တော်ကြီးကိုခေါ်ပြီး ကျောင်းက သွားစောင့်နေကြပါ။ ကုဏ္ဍိမြို့ထဲမှာ ဆွမ်းခံပြီးတော့ ပြန်လာခဲ့မယ်။
ဤသို့ မိန့်ကြားပြီးလျှင် အရှင်သာဏ၀ါသီသည် နောက်ပါရဟန်း ၁၂-ပါးနှင့်တကွ ကုဏ္ဍိမြို့တွင်း၌ ဆွမ်းခံကြွ၏။ ဆွမ်းခံ၍ ပြန်လာကြသောအခါ ဆွမ်းစားကျောင်းပေါ်မှာ သံဃာကုန်စုဝေးကြ၍-

ကဲ ငါ့ရှင်တို့၊ ငါတို့ရဲ့ မိဟောင်း ဖဟောင်း အကိုကြီးဟောင်း ပေတလောကသားတွေကို ကျွေးမွေးဖို့ တာဝန်ရှိနေပေတယ်။ ဒါကြောင့် ငါ့ရှင်တို့ရလာသမျှ ဆွမ်းသပိတ်တွေကို ငါ့ဆီ ကပ်လှူကြပါ။
ကောင်းပါပြီ အရှင်ဘုရား။
တပည့်သံဃာများက ရိုသေစွာ တုန့်ပြန်ကြပြီးလျှင် မိမိတို့၏ ဆွမ်းသပိတ်များကို အရှင်မြတ်ကြီးအား အသီးသီး ဆက်ကပ်ကြ၏။ အရှင်မြတ်ကြီးသည် မိမိရှေ့မှာ အစီအရီချထားသော ဆွမ်းသပိတ်တို့ကို လက်ဖြင့်သုံးသပ်ကာ-

ဤဆွမ်းတို့ကို သံဃာအား လှူဒါန်းပါ၏။ ဤသို့လှူရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မိဟောင်း ဖဟောင်း အကိုဟောင်း ပေတလောကသားတို့အား အမျှပေးပါ၏။ အမျှပေးပါ၏။ အမျှပေးပါ၏။
သာဓု သာဓု သာဓု။
အနုမောဒနာပြုသံ သုံးကြိမ်အဆုံးတွင် ပြိတ္တာသုံးယောက်၏ ရှေ့မှောက်တွင် စားကောင်းသောက်ဖွယ်တွေ အငွေ့တထောင်းထောင်းနှင့် ရောက်လာကြပေတော့သည်။
သူတို့ခမြာ အစားအစာနှင့် လုံးဝမတွေ့ကြရဘူးသဖြင့် အစားအစာကို မြင်သည်နှင့်တပြိုင်နက် အရှင်မြတ်ကြီး၏ အမိန့်သံကိုပင် မစောင့်နိုင်တော့ဘဲ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ ဗိုက်ကြီးတွေကားလာအောင် အငမ်းမရ စားလိုက်ာ့ပေတော့သည်။

ထို့နောက် အရှင်သာဏ၀ါသီသည် ပြိတ္တာသုံးယောက်တို့အတွက် အ၀တ်အစားပေးနိုင်စေရန် လူတို့စွန့်ပစ်ထားသော အမှိုက်ပုံထဲက အ၀တ်စများကို ရှာဖွေ၍ ပံ့သကူကောက်ယူကာ သန့်ရှင်းစွာ လျှော်ဖွပ်ပြီးလျှင် အရပ်လေးမျက်နှာမှ ကြွလာကြသော သံဃာတော်တို့အား ရည်မှန်းကာ သင်္ကန်းချုပ်စရာ အ၀တ်စအဖြစ်ဖြင့် လှူဒါန်း၏။ လှူဒါန်းရသည့် ကုသိုလ်၏အဖို့ဘာဂကို ပြိတ္တာသုံးယောက်တို့အား အမျှပေးဝေ၏။

ပြိတ္တာသုံးယောက်တို့သည် သာဓုခေါ်သံ အဆုံးတွင် ကောင်းမွန်လှစွာ၊ အမျိုးအမည်စုံစွာ၊ အရောင်အသွေး စုံစွာသော အ၀တ်အထည်တို့သည် သူတို့၏ရှေ့မှာ ကောင်းကင်မှ တွဲလောင်းကျလျက် ရှိနေကြပေတော့သည်။
ထိုမှတဖန် ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့အတွက် နေစရာအိမ်ဂေဟာ လိုအပ်နေသေးသဖြင့် သစ်ရွက်မိုးကျောင်းကလေးကို အလျင်အမြန်ဆောက်ကာ သံဃာအား လှူဒါန်းရပြန်၏။

ထိုမှ ဆက်လက်၍ ပြိတ္တာတို့အတွက် သောက်ရေရပါစေရန် ရေစစ်ဖြင့် သောက်ရေကို စစ်ယူပြီးလျှင် သံဃာအား ရည်မှန်း၍ လှူဒါန်းရပြန်၏။ ထို့နောက်တွင်ကား သွားရေးလာရေးအတွက် အခက်တွေ့နေကြရသော ဆွေဟောင်းမျိုးဟောင်းများ စီးစရာယာဉ်ရထား ဖြစ်ပေါ်လာစေရန် မိမိ၏တလွှာတည်းသာရှိသော ဖိနပ်ကို သံဃာတော်အား ရည်မှန်း၍ လှူဒါန်းရပြန်ပေသည်။
ဤတွင်မှ အစစချို့တဲ့ပြတ်လပ်၍ နေခဲ့ကြရသော ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့သည် လိုအပ်သမျှ ပြည့်စုံစွာ ရရှိကာ ချမ်းချမ်းသာသာ နေထိုင်ကြရလေတော့သည်။
( စူဠ၀ဂ်၊ သာဏ၀ါသီထေရပေတ၀တ္ထု)

- သမ္မာပရိဗ္ဗာဇနီယသုတ် (မြန်မာပြန်)


                            (သမ္မာ=ကောင်းစွာ။ ပရိဗ္ဗာဇန=လှည့်ပတ်သွားလာခြင်း။)

ရာဂစရိုက်ရှိသူတို့အတွက်
ဝတ္ထုကာမ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သော အကျင့်။

၃၆၂။ အကျွန်ုပ်သည် ကြီးမားကျယ်ပြန့်ပြောသော ပညာရှိသော သြဃလေးပါးကို ကူးမြောက်ပြီးသော နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ ရောက်ပြီးသော ကိလေသာ ငြိမ်းအေးပြီးသော မတုန်မလှုပ်တည်တံ့သော စိတ်ရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင် အိမ်ရာတည်ထောင် လူ့ ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ကပ်ရောက်သော ရဟန်းသည် အဘယ်သို့ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်ပါသနည်း။ (၁)

၃၆၃။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -
အကြင်ရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာတို့ကို လည်းကောင်း၊ ဥပ္ပါတကျမ်း အိပ်မက်ကျမ်း လက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းတို့ကိုလည်းကောင်း အကြွင်းမဲ့ နုတ်အပ်ပြီ၊ ထိုရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာ အပြစ်ကို ပယ်နုတ်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၂)

၃၆၄။ အကြင်ရဟန်းသည် လူ၌ ဖြစ်သော ကာမဂုဏ်တို့၌ လည်းကောင်း၊ နတ်၌ ဖြစ်သော ကာမဂုဏ်တို့၌ လည်းကောင်း တပ်စွန်းမှု 'ရာဂ' ကို ပယ်ဖျောက်ရာ၏၊ ထိုရဟန်းသည် သစ္စာတရားကိုဉာဏ်ဖြင့် သက်ဝင်လျက် ဘဝသုံးပါးကို လွန် မြောက်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။(၃)

၃၆၅။ အကြင်ရဟန်းသည် ကုန်းတိုက်ခြင်းတို့ကို ကျောခိုင်း၍ အမျက်ထွက်ခြင်း ဝန်တိုခြင်းကို ပယ်စွန့်ရာ၏၊ ထိုရဟန်းသည် နှစ်သက်ဖွယ် အာရုံ မနှစ်သက်ဖွယ် အာရုံတို့၌ ရာဂ ဒေါသကို ပယ်စွန့်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၄)

၃၆၆။ (အကြင်ရဟန်းသည် ) ချစ်အပ်သော ဝတ္ထုကို လည်းကောင်း၊ မချစ်အပ် သော ဝတ္ထုကိုလည်းကောင်း ပယ်စွန့်၍ တစ်စုံတစ်ခုသော အာရုံ၌ မစွဲလမ်း မမှီမူ၍ သံယောဇဉ်၏ အာရုံတရားတို့မှ လွတ်မြောက်၏၊ ထိုရဟန်းသည် လောက နှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၅)

၃၆၇။ ထိုရဟန်းသည် စွဲလမ်း၍ ယူအပ်သော ခန္ဓာတို့၌ ဆန္ဒရာဂကို ပယ်ဖျောက် ၍ ခန္ဓာဟူသော ဥပဓိတို့၌ အနှစ်သာရဟု ယူခြင်းသို့ မရောက်၊ ထိုရဟန်းသည် (တဏှာဒိဋ္ဌိကို) မမှီဘဲ သူတစ်ပါးတို့ မဆွဲဆောင်နိုင်သည် ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၆)

၃၆၈။ အကြင်ရဟန်းသည် နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း၊ ကိုယ်ဖြင့် လည်းကောင်း သုစရိုက်တရားတို့နှင့် မဆန့်ကျင်မူ၍ သစ္စာလေးပါး တရားကို ကောင်းစွာ သိပြီးလျှင် ခန္ဓပရိနိဗ္ဗာန်ကို လိုလား တောင့်တနေသူ ဖြစ်၍ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၇)

၃၆၉။ အကြင်ရဟန်းသည် ငါ့ကို ရှိခိုး၏ဟူ၍လည်း စိတ်မတက်ကြွရာ၊ ဆဲဆို သော်လည်း ရန်ငြိုးမဖွဲ့ရာ၊ သူတစ်ပါးတို့ ပေးလှူအပ်သော ဘောဇဉ်ကို ရ၍လည်း မာန်မယစ်ရာ၊ ထိုရဟန်းသည် လောကနှင့်မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။(၈)

၃၇ဝ။ အကြင်ရဟန်းသည် ဝိသမလောဘကို လည်းကောင်း၊ ဘဝသုံးပါးကို လည်းကောင်း ပယ်စွန့်၍ သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းမှလည်း ရှောင်ကြဉ်၏၊ ထိုရဟန်းသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသူ ရာဂစသော မြားငြောင့်ကင်းပြီးသူ ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၉)

၃၇၁။ အကြင်ရဟန်းသည် မိမိအား လျောက်ပတ်သော အကျင့်ကိုသိ၍ လည်း ကောင်း၊ သစ္စာလေးပါးတရားကို ဟုတ်တိုင်းမှန်စွာ သိ၍ လည်းကောင်း လောက၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁ဝ)

၃၇၂။ အကြင်ရဟန်းအား အနုသယတို့သည် တစ်စုံတစ်ခုမျှ မရှိကုန်၊ အကုသိုလ် အမြစ်အရင်း တို့ကိုလည်း ကောင်းစွာ ပယ်နုတ်အပ်ကုန်၏၊ ထိုရဟန်းသည် တဏှာကင်းသူ တောင့်တခြင်း မရှိသူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၁)

၃၇၃။ အကြင်ရဟန်းသည် အာသဝေါကုန်ပြီးသူ မာန်ကို ပယ်ပြီးသူ ရာဂ လမ်းကြောင်း အားလုံးကို လွန်ပြီးသူ ယဉ်ကျေးပြီးသူ ကိလေသာမီး ငြိမ်းအေးပြီး သူ မတုန်မလှုပ် တည်တံ့သော စိတ်ရှိသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၂)

၃၇၄။ အကြင်ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏၊ အကြားအမြင် များ၏၊ မြဲသော အရိယမဂ်ကို မြင်ပြီး ဖြစ်၏၊ (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ဖြင့်) အစုစု ကွဲသော သတ္တဝါတို့၌ (မိစ္ဆာအယူဖြင့်) အစုတစ်ခုခုသို့ လားရောက်ခြင်း မရှိ တည်ကြည်၏။ ထိုရဟန်းသည် လောဘကို လည်းကောင်း၊ ဒေါသကို လည်းကောင်း၊ ထိပါး ပုတ်ခတ်ခြင်းကို လည်းကောင်း ပယ်ဖျောက်၍ လောကနှင့်မလိမ်းကျံဘဲ ကောင်း စွာ နေနိုင်၏။ (၁၃)

၃၇၅။ အကြင်ရဟန်းသည် ကောင်းစွာ စင်ကြယ်သော အရဟတ္တမဂ်ဖြင့် ကိလေသာကို အောင်ပြီးသူ ကိလေသာ အမိုးကို ဖွင့်လှစ်ပြီးသူ သစ္စာတရားကို လေ့လာပြီးသူ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ တဏှာဟူသော တုန်လှုပ်ခြင်း မရှိသူ သင်္ခါရ၏ချုပ်ရာ နိဗ္ဗာန်ကို အာရုံပြုသော မဂ်ဉာဏ်၌ လိမ္မာသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၄)

၃၇၆။ အကြင်ရဟန်းသည် လွန်ပြီးသော ခန္ဓာတို့၌ လည်းကောင်း၊ လာလတ္တံ့ သော ခန္ဓာတို့၌ လည်းကောင်း ငါ ငါ့ဥစ္စာဟု ကြံစည်မှု တဏှာဒိဋ္ဌိကို လွန်၏၊ အလွန် စင်ကြယ်သော ပညာရှိ၏၊ အာယတန အားလုံးတို့မှ ကင်းလွတ်၏၊ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၁၅)

၃၇၇။ အကြင်ရဟန်းသည် တစ်ခုတစ်ခုသော သစ္စာကို ဝိပဿနာပညာဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ပညာဖြင့် (တစ်ပြိုင်နက်) သက်ဝင်ပြီးလျှင် အာသဝေါ တရားတို့၏ ကုန်ရာ နိဗ္ဗာန်ကို အပိတ်အပင်မရှိ သိမြင်ရကား အလုံးစုံသော ဥပဓိတို့၏ ကုန်ခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၆)

၃၇၈။ မြတ်စွာဘုရား ဤစကားသည် စင်စစ် ဟောတိုင်းမှန်လှပါ၏၊ အကြင် ရဟန်းသည် ဤသို့ ဟောတော်မူသည့် အတိုင်း နေလေ့ရှိ၏၊ ထိုရဟန်းသည် ယဉ်ကျေးသူ သံယောဇဉ်နှင့် ယောဂ အားလုံးတို့ကို လွန်မြောက်သူဖြစ်၍ လောက နှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏ဟု (မိန့်တော်မူ၏)။ 
(မောင်လူခန့်၏ ဆွမ်းတနပ်)


        ၂၀၀၅-ခုနှစ် ဇန်န၀ါရီလတွင် မြို့နယ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသည့်မြို့မှာ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် နယ်စပ်တွင်ရှိသော မြို့တမြို့ ဖြစ်ပါသည်။ ယင်းအချိန်တွင် မောင်လူခန့်၏ အစာအိမ်ရောဂါမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နံနက်စာထမင်းကို ကြက်ဥကြော်၊ ငါးကြော်နှင့်သာ စားသောက်ရပါသည်။ ညနေစာဆိုလျှင် အစာအိမ်သည် ကြာဆံပြုတ်ကိုသာ လက်ခံပါသည်။ အစားအစာကို အထူးသတိပြုပြီး စားသောက်နေရပါသည်။

          မောင်လူခန့် စခန်းမှာ ကလေးမြို့နှင့် တမူးမြို့သွား မော်တော်ကားလမ်းဘေးတွင် တည်ရှိပါသည်။ ယင်းမြို့ကလေးမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ ပိုမိုများပြားသည့်အတွက် တနင်္ဂနွေနေ့တိုင်း ဈေးပိတ်ပါသည်။ ယင်းနေ့ အသားငါး အထူးသဖြင့် ငါး (လုံးဝ) ၀ယ်ယူ၍မရပါ။

           မတ်လဆန်းပိုင်း စနေနေ့ကျသော ရက်တရက်ကို မောင်လူခန့် ဘယ်သောအခါမှ မေ့မရနိုင်ပါ။
          ထိုနေ့ ၁၁-နာရီခန့်တွင် မောင်လူခန့်ရုံးခန်းရှေ့၌ ခရီးသည်တင်ကားတစီးပျက်၍ ပြင်နေပါသည်။ ယင်းကားပေါ်တွင် ဘုန်းကြီးတပါးလည်း လိုက်ပါလာခဲ့ပါသည်။ မောင်လူခန့်က- ကားဆရာ၊ ဘယ်အချိန် ကားပြင်ပြီးမှာလဲ-ဟု မေးလိုက်ရာ ၁၂-နာရီကျော်မှ ပြီးပါမည်-ဟု ပြန်ဖြေပါသည်။ ထိုအခါ မောင်လူခန့်က ဘုန်းတော်ကြီးကို မြန်မြန်ဆန်ဆန် ရုံးခန်းထဲသို့ ပင့်ဖိတ်ပြီး မိမိအတွက် မနက်စာချက်ပြုတ်ထားသည့် ကြက်ဥကြော်၊ ငါးကြော်အပြင် နောက်နေ့ ဈေးပိတ်၍ ကြိုတင်ဝယ်ယူထားသော ငါးကြော်များကိုပါ ထည့်ပြီး ဆွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်မှာ မနေ့က ရထားပျက်၍ နေ့ဆွမ်းမဘုဉ်းပေးခဲ့ရကြောင်း မိန့်ကြားပါသည်။ ဤအခါ မောင်လူခန့်မှာ မိမိလှူဒါန်းရသော ဆွမ်းတနပ်အတွက် အလွန်ပင် ပီတိဖြစ်ခဲ့ ရပါသည်။

      နောက်တနေ့ တနင်္ဂနွေနေ့တွင် မောင်လူခန့်၏ စခန်းရှေ့၌ နံနက် ၈-နာရီခန့် ငါးများလာရောက် ရောင်းချ နေသည်ကို ထူးဆန်းစွာ တွေ့မြင်ခဲ့ရပါသည်။ သို့ဖြင့် မောင်လူခန့်က သူ၏တပည့်ကိုခေါ်၍ နံနက်စာအတွက် ငါးများဝယ်ယူချက်ပြုတ်စေခဲ့ပါသည်။

       မောင်လူခန့်သည် အစိုးရဌာနတခုတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတယောက် ဖြစ်ပါသည်။ တခါတရံ မြို့နယ်ရုံးများတွင် တနှစ်ခွဲမှ နှစ်နှစ်နီးပါးအထိ ထာဝန်ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလများ လည်း ကြုံတွေ့ခဲ့ ရပါသည်။
      မောင်လူခန့်တွင် အလယ်တန်းကျောင်းသားဘ၀က အခြေခံအစပျိုးခဲ့သည့် အစာအိမ်ရောဂါ အမြဲစွဲကပ် လျက် ရှိပေသည်။ သို့သော် နယ်ရုံးများသို့ တာဝန်ထမ်းဆောင်ရသည့်အခါတိုင်း သူ၏မိသားစုများကို ခေါ်သွားလေ့ မရှိပါ။ သူ၏အစာအိမ်ရောဂါမှာ ပြင်ပစားသောက်ဆိုင်များမှ အစားအစာများနှင့် လုံးဝမတည့်ပေ။ ကိုယ်တိုင် ချက်ပြုတ်၍ စားရသည်။

       ထို့ကြောင့် ကုသိုလ်ဒါနပြုတိုင်းပြုတိုင်း မိမိနှင့် မတည့်သောအစားအစာများ မိမိကြိုက်နှစ်သက်ပြီး စားသောက်၍မရသော အစားအစာများကို အထူးဦးစားပေးလှူဒါန်းခဲ့ပါသည်။ သူ့မိဘများကလည်း ခုနစ်နှစ် သားအရွယ်တွင် ရှင်ပြုပေးခဲ့သည့်အချိန်မှစ၍ ၀ါတွင်းသုံးလ ဥပုသ်နေ့များတွင် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လုပ်ပေးရန် အဖိတ်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ညအိပ်စေခဲ့ပါသည်။ ထို့အပြင် ဥပုသ်နေ့တိုင်း ရှစ်ပါးသီလကိုလည်း ခံယူဆောက်တည်စေခဲ့ပါသည်။ ထို့ကြောင့် ၀န်ထမ်းဖြစ်လာသည့်အခါမှာလည်း ၀ါတွင်းသုံးလဥပုသ်ရက်များတွင် ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းခဲ့သည့် အလေ့အကျင့်များလည်း ရရှိခဲ့ပါသည်။

       ကျန်းမာရေးအလွန်ညံ့ပြီး ဆေးရုံကို မကြာခဏ တက်ရောက်ကုသမှု ခံယူခဲ့ရသဖြင့် အသက်ရှည် ကျန်းမာသည့် အောက်ဖော်ပြပါ ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ လှူဒါန်းပူဇော်ခဲ့ပါသည်။                     ယင်းကုသိုလ်များ-                      
    
                    (၁) ရေစစ်လှူဒါန်းခြင်း။
                    (၂) ဆေးဝါးလှူဒါန်းခြင်း။
                    (၃) ကျောင်း၊ ဘုရား၊ တံတားပျက်တို့ကို ပြုပြင်ခြင်း။
                    (၄) ငါးပါးသီလကို အမြဲစောင့်ထိန်းခြင်း။
                    (၅) သီတင်းနေ့တိုင်း ရှစ်ပါးသီလကို စောင့်ထိန်းခြင်း။
                    (၆) ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ ဖြစ်ပါသည်။

       ယခုအခါ မောင်လူခန့်မှာ အချဉ်မှလွဲ၍ အသီး၊ အရွက်နှင့် အပူအစပ် အနည်းငယ်ကိုပါ စားသုံး၍ရသော အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုအကျိုးကား မိမိပင် ပြန်လည်ခံစား ခဲ့ရကြောင်း မောင်လူခန့် စဉ်းစားမိတိုင်း ၀မ်းသာပီတိဖြစ်လျက် ရှိပါတော့သည်။
                                                                                                            
                                                                                                           ဆင်တဲဝမောင်မောင်ကြည်

(စေတနာ မကောင်းလျှင)်


         လွန်ခဲ့သောနှစ်ပေါင်း ၄၀-ကျော်က ဗန်းမော်မြို့တွင် ဦးချမ်းသာဟူသည့် ငွေကြေးချမ်းသာသော လုပ်ငန်းရှင်ကြီးတဦး ရှိပါသည်။ သူသည် သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းများ လုပ်သည်။ လုပ်ငန်းများ အောင်မြင်သဖြင့် ငွေကြေးချမ်းသာသော်လည်း စိတ်ရင်းကောင်း၊ စေတနာ ကောင်းမရှိပါ။ ငွေကို နှမြောသည်။ လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း လုံးဝမရှိပါ။

    သူ့လုပ်ငန်းတွင် လခစားလုပ်သော လုပ်သားများစွာရှိသည်။ ငွေကြေးချမ်းသာသော်လည်း အလုပ်သမား များအပေါ် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ် လုံးဝမရှိပေ။ လုပ်အားခကိုလည်း ဈေးနှိမ်၍ပေးသည်။ လစာကို ပေးသင့်သည့်အချိန်တွင် ပုံမှန်မပေးဘဲ အချိန်ဆွဲ၍ ထားသည်။ ရသင့်သည့်အချိန်ထက် နောက်ကျပြီးမှ ရသဖြင့် အလုပ်သမားများမှာ စိတ်ဆင်းရဲကြသည်။ စိတ်ပျက်အားငယ်ကြရသည်။ သူ့ထံက အလုပ်ထွက် ချင်ကြသော်လည်း အဆင်မပြေမှာစိုး၍ မထွက်ရဲကြပေ။ တချို့မှာ စိတ်ဆင်းရဲသဖြင့် မျက်ရည်ကျရသည်။ အလုပ်ရှင်အပေါ် စေတနာမေတ္တာမရှိကြတော့ပေ။

       တနေ့သောအခါ ဦးချမ်းသာသည် တောထဲရှိသစ်စခန်းသို့ သူ၏ဒရိုင်ဘာနှင့်အတူ ဂျစ်ကားစီး၍ သွားသည်။ သစ်စခန်းတွင် အလုပ်နှင့်ပတ်သက်၍ အလုပ်သမားတွေအပေါ် မကျေနပ်သဖြင့် ဆူပူအော် ငေါက်စိတ်ဆိုးသည်။ အပြန်မှာ မိုးချုပ်စပြုပြီ။ ကားမီးကလည်း မလင်းပါ။ ဒရိုင်ဘာက ကားကို လျင်မြန်စွာ မောင်းလာရာ မြို့နှင့် ၁-မိုင်အကွာတွင် ကားဘရိတ်ပေါက်ပြီး လမ်းဘေးရှိ သစ်ပင်ကြီးကို ၀င်တိုက်မိရာမှ ကားတိမ်းမှောက်သွားသည်။ ဦးချမ်းသာနှင့် ဒရိုင်ဘာတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးကြရသည်။ အခင်းဖြစ်ပွား ရာ၌ အနီးရှိရွာလူကြီးကမြင်သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရာ အလောင်းကိုအိမ်သို့ ညတွင်းချင်း ကားဖြင့်သယ်သွားကြသည်။ ဦးချမ်းသာ၏ဇနီးနှင့် သားသမီးတို့မှာ တညလုံး ငိုကြွေးကြသည်။ ဆင်းရဲသား အလုပ်သမားများ မျက်ရည်ကျအောင် လုပ်ခဲ့၍ ယခုလို အသေဆိုးနှင့် သေရတာဟု လူအများက ဝေဖန်ကြသည်။

      လောကတွင် စိတ်ရင်းကောင်း၊ စေတနာကောင်းရှိရန် အထူးလိုအပ်ပါသည်။ စိတ်ရင်းမကောင်း၊ စေတနာမကောင်းသူမှာ မကောင်းကျိုးကို ခံစားရမည်။ စိတ်ရင်းကောင်း၊ စေတနာကောင်းရှိလျှင် ကောင်းကျိုးခံစားရမည် ဖြစ်ပါသည်။
                                                                                                          ကောက်ရိုးနွယ် (ရွှေကူ)
တမလွန်ဘ၀သို့ ယူဆောင်ရမည့် ရိက္ခာ

                                  
                               သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

                          Remember friends, as you pass by, as you are now,
                          so once were I, as I am now.
                          So You must be prepared yourselves and follow me'

                          မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
                          ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
                          မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
                          ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
                         နေမ၀င်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )။

          အထက်ပါ သံဝေဂစာကို ရန်ကုန်မြို့ ရေဝေးသုဿာန်ရှိ နားရေးခန်းမတွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရသည်။ အခန်းထိပ်တွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသည်။ အခန်းတွင်း၌လည်း အသုဘရှုသူများ ၀ိုင်းဝန်းထိုင်နေကြသည်။ ထိုအခန်းရှိ ရုပ်ကလာပ်အနီး နံရံပေါ်တွင် ဤသံဝေဂစာကို အများသူငါ ဖတ်ရှုဆင်ခြင် နိုင်ရန် စာလုံးကြီးများဖြင့် ရေးထားသည်။ အသုဘရှုသူအားလုံးလိုလိုပင် ဖတ်ရှုဆင်ခြင်မိကြ ပေလိမ့်မည်။

        အလွန်ထိမိသော သံဝေဂစာကလေး ဖြစ်သည်။ ထိုစာကို အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် သည် သချိင်္ိုင်းငယ်တခု၏ အုတ်ဂူကလေးပေါ်တွင် အမှတ်မထင် တွေ့ရှိဖတ်ရှုရသည်။ အထူးသံဝေဂ ရရှိ သဖြင့် ထိုစာကို ကူးယူကာ အများသူငါ ဖတ်ရှုဆင်ခြင်နိုင်ရန် ဒါနသံဝေဂပြုထားခြင်းဖြစ်သည်။ အလွန်တန် ဖိုး ရှိသည့် ကောင်းမှုပင်တည်း။

        ဤသံဝေဂစာကို ကျွန်ုပ်တို့ ဖတ်ရှုကာ အမျိုးမျိုး ဆင်ခြင်မိသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်အရ သေခြင်းအြေuာင်း လေးပါးရှိသည်။ ယင်းတို့မှာ-
                                            
                                             ၁။ အသက်တမ်းကုန်၍ သေခြင်း။
                                             ၂။ ကံအစွမ်းကုန်၍ သေခြင်း။
                                             ၃။ အသက်တမ်း ကံအစွမ်း ၂-မျိုးကုန်၍ သေခြင်း။
                                             ၄။ ဥပစ္ဆေဒကကံကြောင့် သေခြင်းတို့ ဖြစ်သည်။

     ဥပမာ-
               ဆီမီးငြိမ်းရာ၌ -
                                             ၁။ ဆီကုန်ခြင်း။
                                             ၂။ မီးစာကုန်ခြင်း။
                                             ၃။ ဆီနှင့်မီးစာ ၂-မျိုးလုံး ကုန်ခြင်း။
                                            ၄။ ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ် -တမင်ငြိမ်းသတ်ခြင်းဟူ၍ အကြောင်းလေးမျိုး ရှိသကဲ့သို့ ဖြစ်ပေသည်။

( ၁ )
       သက်တမ်းကုန်ခြင်း ဆိုရာ၌-
ဘုရားရှင်လက်ထက်တော်တွင် အသက်တမ်း ၁၀၀-ဟုဆို၏။ ယခု ၇၅-နှစ်တမ်း ခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မကျော်လွန်နိုင် ကြပေ။ အလွန်ကံထူးသူတို့သာ အသက်တမ်းကို ကျော်လွန်နိုင်ကြပေသည်။ ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ၀ိသာခါတို့သည် အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန်ကံထူးသူများတည်း။

ထိုသို့ ကံအထူးလည်း မပါ။ ပါရှိသော သာမန်လောက်ကံကလည်း အသက်တမ်းကို ကျော်လွန်အောင် မဆောင်တော့ဘဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ သေရခြင်းကို အသက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။

( ၂ )
      ကံအစွမ်းကုန်၍ သေရခြင်းဆိုသည်မှာ-
အခြားမဟုတ်၊ ဘ၀တခုကို စီမံလိုက်သောကံသည် ပဋိသန္ဒေနေရသည့် အချိန်မှစ၍ မိမိသတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိသေး၏။ ထိုမူလစီမံလိုက်သော ကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင်ကား အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ သေကြရတော့မည်။ ၇၅-နှစ်တမ်း၌ ကံအစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် သေကြရသည်။
ဥပမာ-
         ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့ ဖြစ်ပေသည်။


( ၃ )
        အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း ကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် သေကြရသည်။ ဆီလည်း ကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။
ဤတွင် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက်နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ သေရမှုကို အသက်တမ်း၊ ကံစွမ်း နှစ်မျိုးစုံကုန်ခြင်းကြောင့် သေရခြင်း-ဟု ခေါ်၏။


(၄)
       အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ ယခုဘ၀မှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ မြွေကိုက်၍ သေခြင်း၊ အဆိပ်မိ၍ သေခြင်း၊ တုတ် ဓား သေနတ် စသည့် လက်နက်တို့ကြောင့် သေခြင်း၊ ရေနစ် သေခြင်း၊ မီးလောင် သေခြင်း၊ ကားတိုက် သေခြင်း စသည်တို့သည် ရှေးမကောင်းမှုကံကြောင့် သေရခြင်းဖြစ်သည်။
ဥပမာ-
        မီးစာ ဆီ နှစ်မျိုးလုံ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု၊ တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်း မျိုးကဲ့သို့တည်း။

      ဤကား ဗုဒ္ဓတရားတော်လာ သေခြင်းအမျိုးမျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် တနေ့နေ့တွင် ဤသေခြင်းလေးမျိုး အနက် တမျိုးမျိုးနှင့် သေကြရမည်မှာ မုချဖြစ်သည်။ သေခြင်းလေးမျိုးအနက် တမျိုးမျိုးဖြင့် ကျွန်ုပ်တို့ထက် အသက်ကြီးသူ၊ အရွယ်ကြီးသူများလည်း သေနေကြသည်။ ကျွန်ုပ်တို့နှင့် အသက်တူ၊ အရွယ်တူများလည်း သေနေကြသည်။ ကျွန်ုပ်တို့အောက် အသက်ငယ်သူ၊ အရွယ်ငယ်သူများ လည်း သေနေကြသည်။

        ဘုရားဟောတရားတော်လာ အနိစ္စ ဒုက္ခ အနတ္တတို့၏ သဘောကို ကွယ်လွန်သူက ပြောပြနေဟန် အထက်ပါ သံဝေဂစာ၌ ဖော်ပြထားသည်။ အလွန်ထိမိလှသည်။ တခါက အသက်ရှင်ခဲ့ဖူးသော ယခုကွယ်လွန်သူနည်းတူပင် ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ဖြစ်ကြရပေတော့မည်။ သူက ရှေ့ကသွားနှင့်၍ ကျွန်ုတို့က နောက်က လိုက်ကြရ မည်မှာ မုချဖြစ်သည်။

       ဤသို့ နောက်က မလိုက်မီ သံဝေဂစာ၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်ဆင်စရာ ရှိသမျှ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်ရာ၌ တမလွန်ဘ၀သို့ ပါသွားမည့်ရိက္ခာကို နေမ၀င်ခင် အစွမ်းကုန် ပြင်ဆင်ထားကြရပေမည်။ ဤရိက္ခာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ရိက္ခာကြီးများပင်တည်း။ 
 
ကိုမော်လူး၏ မင်္ဂလာသတင်းစဉ်မှ
                             ဓားမကူး ဆရာတော်ခေါ် တောင်ဖီလာဆရာတော်

           တောင်ဖီလာဆရာတော်ကြီးသည် ညောင်ရမ်းသုံးဆက်မြောက်ဖြစ်သော သာလွန်မင်းတရားကြီး ကိုးကွယ်သည့် ဆရာတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်၌ စလင်းမြို့တွင် ဖွားမြင်သည်။ ထိုနှစ်တွင် ပျံလွန်တော်မူသော ဆီးတောဆရတော်ဝင်စားသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြသည်။

         ဆရာတော်လောင်းလျာသည် ၁၃-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်သည်။ ငါးဆူဒါယကာ၏ သားတော် သတိုးဓမ္မရာဇာဘွဲ့ခံ မင်းကြီးနှောင်းပင့်၍ ပြည်မြို့သို့ရောက်သည်။ မင်းကြီးနှောင်း ကိုးကွယ်သော အရှင်ဘိသင်္ကေတသာရထံတွင် ဆည်းကပ်၍ စာပေပိဋကတ်သင်ကြားသည်။ ၉၅၅-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် ဝေဿန္တရာပျို့ကို ဖွဲ့ဆိုစီရင်ရာ လောကဓမ္မနှင့် ပြည့်စုံလှသော ကြောင့် သာမဏေကျော်ဟု ထင်ရှားလာသည်။ ထူးချွန်လှသဖြင့် ပဉ္ဇင်းကျော်ဟု ထင်ရှားပြန်သည်။

       ၉၇၀-ပြည်နှစ်တွင် အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို လုပ်ကြံအောင်မြင်ပြီးသောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို အင်းဝမြို့သို့ ပင့်ဆောင်ကိုးကွယ်သည်။
အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်စဉ် ငါ ပြည်ကိုလုပ်ကြံသည်ကား ရှင်တဆူ၊ လူတယောက်သာ ရသည်-ဟု မိန့်ဆိုခဲ့သည်။ ရှင်တဆူဟူသည် တောင်ဖီလာဆရာတော်လောင်း ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို ဆိုလိုသည်။ လူတယောက်ဟူသည်မှာ ငထင်ငယ်ကို ဆိုလိုသည်။

       ၉၉၁-ခုနှစ်တွင် အင်းဝမြို့၌ သာလွန်မင်းတရားကြီး အထွဋ်အထိပ်သို့ရောက်သောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို မင်းဆရာတင်မြှောက်၍ တိပိဋကာလင်္ကာရ ဘွဲတံဆိပ်အပ်နှင်းသည်။
       ၉၉၆-ခုနှစ်တွင် အရှင်မုနိန္ဒဃောသသည် မင်းရဲကျော်စွာ ဆောက်လုပ်သော စစ်ကိုင်းတောင်အနီး ဧရာဝတီမြစ်နားရှိ လေးထပ်ကျောင်းတွင် သီတင်းသုံးသည်။ ထိုစဉ် အရှင်မြတ်သည် စက်တော်ရာသို့ ကြွ တော်မူ၍ တော်ချုံဖုံးအုပ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေရာ တွေ့ရှိတော်မူသည်။ ဤသည်မှစ၍ လူဒါယကာတို့သည် စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ခုတ်ထွင်ရှင်းလင်းခဲ့ ကြသည်။

      အရှင်မုနိန္ဒဃောသသည် စက်တော်ရာမှ အပြန်တွင် ပခန်းကြီးရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇထံတွင် ၀င်ရောက်ဖူးတွေ့သည်။ ရွှေဥမင်ဆရာတော်သည် ခေါင်လှသောအရပ်ဒေသတွင် လူသူတော်တယောက်နှင့် သာ ခေါင်းပါးစွာနေတော်မူသည်။
     ဤတွင် အရှင်မုနိန္ဒဃောသ-က လူသူနည်းပါး လှသည်။ ကြောက်တော်မမူပါလော-ဟု မေးတော်မူသည်။

       ရွှေဥမင်ဆရာတော်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်-ဟု မိန့်တော်မူသည်။
       ထိုအခါ အရှင်မုနိန္ဒဃောသ-က ငါသည် မကြောက်တတ်သူ ဖြစ်ခဲ့ပြီ-ဟု တရားသံဝေဂ ရမိသည်။
       ထို့နောက် အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်အား မေးမြန်းရာ ၀ိနည်းပါဠိတော် ငါးကျမ်း နိဿယကို စီရင်ပြီးကြောင်း သိရှိသွားသည်။ ကျမ်းပြုသက္ကရာဇ်ကိုကြည့်သောအခါ မိမိစီရင်ပြီးသား ကျမ်းပြု သက္ကရာဇ်ထက် ဦးသောကြောင့် မိမိစီရင်ထားသော ၀ိနည်းပါဠိ ငါးကျမ်းနိဿယကို ဌာပနာသွင်း၍ စေတီ တည်သည်ဟု ဆိုသည်။

       အချို့ကမူ အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်၏ နိဿယနှင့် မိမိစီရင်သော နိဿယကို ယှဉ်ကြည့်၍ နိဿယနှစ်စောင်ကြောင့် နှစ်နည်းရှိနေပြီ။ ဘုရားနှစ်ဆူ ပြိုင်၍ပွင့်သော် သူ့ဘုရားသာသည်။ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိဖြစ်လေတော့မည်ဟု ဆင်ခြင်ကာ မိမိစီရင်အပ်သော နိဿယကို စေတီရင်ပြင်မှာ မီးပူဇော်သည်-ဟု ဆိုကြသည်။

       အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် အလွန်သံဝေဂရသဖြင့် မိမိသီတင်း သုံးရာ လေးထပ်ကျောင်းသို့ မပြန်တော့။ မင်းဝံတောင်ရိုး အရှေ့ချောက်ကြား၌ တောထွက်တော်မူသည်။         တောထွက်သည့်နေ့ရက်ကား ၁၀၀၀-ပြည့်နှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ သက်တော် ၆၀-ပြည်တွင် ဖြစ် သည်။

      ဤအကြောင်းကိုကြားလျှင် သာလွန်မင်းတရားနှင့် ညီတော် စလင်းစား မင်းရဲကျော်စွာတို့သည် ဆရာတော်ကို သူ့ထက်ငါဦး ရှာကြသည်။ စလင်းစားသည် ဆရာတော်ကို အလျင်တွေ့သဖြင့် တောင်ဖီလာ ချောင်၌ ဇေတ၀န်ကျောင်းဆောက်၍ လှူသည်။ သာလွန်မင်းတရားကြီးကား မဟာတိပိဋကာလင်္ကာရ ဟူသော တံဆိပ်တော်ကို လှူတော်မူသည်။ ထိုအခါမှစ၍ တောင်ဖီလာဆရာတော်ဟု တွင်လေသည်။

        သာလွန်မင်းတရားကြီးသည် မိမိ၏ဆရာတော်၊ တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိကို အထင် အရှားသိစေလိုသဖြင့် နန်းတွင်းသူမတဦးကို ဆရာတော်ကျောင်းသို့ ၀င်စေသည်။ ဆရာတော်အား ဖြား ယောင်းစေသည်။

        ဆရတော်သည် မာတုဂါမက တညလုံး ဖြားယောင်းပါသော်လည်း သိက္ခာပုဒ်ကို ထိန်းသိမ်းသည်။ တညလုံးမအိပ်မစက်၊ ရူပါရုံ၊ သဒ္ဒါရုံတို့၌ အာရုံမထားဘဲ ဓားမဖြင့် မိမိခြေသလုံးသားကို လှီးသည်။    ထိုမှဖြစ်လာသော ဒုက္ခဝေဒနာကိုသာ ခံစားလျက် တရားမလွတ်၊ မချွတ်မယွင်း တရားရှုမှတ်လျက် မိုးလင်းအောင် နေတော်မူသည်။

        နံနက်သို့ရောက်သော် အချို့က ဆရာတော်ဘုရားသည် ခရီးသွားမိန်းမနှင့် ညက မှားယွင်းလေသည်ဟု ဆိုကြ၍ အင်းဝမြို့တမြို့လုံး၌ ကောလာဟလဖြစ်လေ၏။
       ထိုအခါ ဆရာတော်သည် သူ၏ခြေသလုံးသားကို လှီးသော ဓားမကို သက်သေထူ၍ အဓိဋ္ဌာန်ဖြင့် ရေကန်တွင်မျှောလေရာ ထိုဓားမသည် ရေ၌ ကူးလေသည်ဟု ဆိုရိုးစကားရှိ၏။ ဤအကြောင်းကိုရည်၍ တောင်ဖီလာဆရာတော်ကို ဓားမကူးဆရာတော် ဟု ခေါ်ဝေါ်ကြသည်။

       တောင်ဖီလာဆရတော်ကြီးသည် အဋ္ဌသာလိနီကျမ်းဦးအဖွင့် ၀ီသတိဝဏ္ဏနာကျမ်း၊ ယသ၀ဍ္ဎန၀တ္ထု၊ ၀ိနယာလင်္ကာရဋီကာ စသည်ဖြင့် ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့သည်။
       ဆရာတော်ကြီး၏လက်ထက်တွင် အင်းဝနေပြည်တော်၌ ကျောက်ရောဂါကျရောက်ရာ ဆရာတော်ကြီး သည် ပြည်သူအများကို လျစ်လျူရှုတော်မမူ။ ကျောက်ရောဂါကာကွယ်ရေးကျမ်းကိုလည်း ပြုစုစီရင်ခဲ့သည်။

      တောင်ဖီလာဆရာတော်ကြီးသည် ရှင်သာမဏေဘ၀တွင် သာမဏေကျော်၊ ရဟန်းဖြစ်စတွင် ပဉ္ဇင်း ကျော်၊  မင်းဆရာဘ၀တွင် တိပိဋကာလင်္ကာရအကျော်၊ တောထွက်တော်မူလျှင် တောင်ဖီလာဆရာတော်၊ သီလအရာတွင် စင်ကြယ်မြင့်မြတ်သဖြင့် ဓားမကူဆရာတော်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။   
     ဆရာတော်ကြီးသည် ၁၀၁၂-ခုနှစ် သက်တော် ၇၂-နှစ်တွင် ပျံလွန်တော်မူသည်။

                       ဆရာတော်ကြီးအမြဲရွတ်ဆိုတော်မူသော အစွမ်းထက် ဂါထာတော်များ။
                                        ဆင်တစ်ကောင်လုံး အမြီးကျမှတစ်

               ဝေဿဘူ ဘုရားရှင်လက်ထက်က ကုမာရကဿပမည်သော ရဟန်းတစ်ပါးသည် သူဋ္ဌေးအိမ်မှ ဆွမ်းကျွေးပင့်ဖိတ်သဖြင့် ကြွရောက်ရာ သူဋ္ဌေးသမီးကို မြင်၍ တပ်မက်စွဲလန်းစိတ်ဖြင့် မကျန်းမမာဖြစ်လေ၏။
              ထိုအခါသူဋ္ဌေး၏ စည်းစိမ်စောင့်နတ်သည် သူဋ္ဌေးသမီး ရုပ်ဟန်ကိုလည်းကောင်း၊ ရဟန်း၏ ဥယျာဉ် စောင့်နတ်သည် ဆင်၏ အသွင်သဏ္ဍာန်ကို လည်းကောင်း ဖန်ဆင်း၍ သူဋ္ဌေးသမီးကို ဖမ်းမည့်ဟန်ဖြင့် ဆင် ကလိုက်လေသည်။ သူဋ္ဌေးသမီးလည်း ရဟန်း၏ ကျောင်းပေါ်သို့တက်ပြေးကာ ရဟန်းအနီးရှိ ကရားသို့ ၀င်ပြေးလေသည်။ ဆင်လည်း ကရားအတွင်းသို့ ၀င်လိုက်ရာ သူဋ္ဌေးသမီးက ကရားနှုတ်သီးမှ ထွက်ပြေးလွတ် မြောက်သွားလေသည်။ ဆင်ကား ကရားနှုတ်သီးမှ ကိုယ်ခန္ဓာထွက်လာသော်လည်း အမြီးမှာမူ မထွက်နိုင်ပဲ တစ်နေလေသည်။
             ရဟန်းသည် ထိုအခြင်းအရာကို မြင်ပြီး ငြိတွယ်ခြင်းသဘောကို ဆင်ခြင်မိသဖြင့် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.