မြတ်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သံဃာ့အစည်းအဝေးတခု၌ သံဃာများသည်- ငါ့ရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း-ဟု ဆွေးနွေးနေကြ၏။
အချို့က-တန်ခိုးကြီးသော မင်းအဖြစ်သည် ချမ်းသာ၏-ဟု ဆိုကုန်၏။
အချို့က-ကာမဂုဏ် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသောလူသည် ချမ်းသာသည်-ဟု ဆို၏။
အချို့က-အလိုရှိသမျှ အစားကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်-ဟု ဆို၏။
ချမ်းသာခြင်း၏အကြောင်းကို စိတ်ကူးရသလို အမျိုးမျိုး ပြောနေကြစဉ် မြတ်ဗုဒ္ဓ ရောက်လာတော်မူရာ-
ရဟန်းတို့ သင်တို့ ထင်မြင်သော ချမ်းသာဟူသမျှသည် ၀ဋ်ဆင်းရဲ၌ အကျုံးဝင်၏။ ဤလောက၌ ဘုရားပွင့်တော်မူခြင်း၊ တရားတော်ကို ကြားနာရခြင်းနှင့် သံဃာအများ ညီညွတ်ခြင်း စသည်တို့သာ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်သည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။
( ပါဠိဂါထာ )
သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ ၊
သုခါ သဒ္ဓမ္မ ဒေသနာ ။
သုခါ သံဃဿ သာမဂ္ဂီ ၊
သမဂ္ဂါနံ တပေါ သုခေါ ။
( မြန်မာပြန် )
ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သူတော်ကောင်းတရားကို နာကြားနေရခြင်း (၀ါ) ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သံဃာများ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
( လင်္ကာ )
ဘုရားရှင်တော်၊ များကျိုးမျှော်၍၊ ပွင့်ပေါ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
ကြားနာသူပေါင်း၊ ကောင်းထက်ကောင်းအောင်၊ သူကောင်းအများ၊ တရားသဘော၊ ဟောပြောခြင်းမှာ၊ လွန်ချမ်းသာ၏။
သံဃာတော်များ၊ ယူမပြားဘဲ၊ စိတ်ထားမချွတ်၊ ညီညွတ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
မကွာအယူ၊ ညီညွတ်သူတို့၊ စိတ်တူ ကိုယ်မျှ၊ ကျင့်ရခြင်းမှာ၊ လွန်ချမ်းသာ၏။
( ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု )