စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ရွေးကောက်ပွဲ၊ လွှတ်တော် လမ်းမှန်လမ်းဖြောင့် - စိုးမြင့်သိန်း

(ရွေးကောက်ပွဲ၊ လွှတ်တော် လမ်းမှန်လမ်းဖြောင့် - စိုးမြင့်သိန်း)


               NORTHERN STAR နိုင်ငံရေးစာပေ ရေးဖော်တစ်ယောက် ဆရာမောင်စူးစမ်းအိမ်ကို ရောက်သွား သည်။ ထွေရာလေးပါး ပြောကြားရင်း မိတ်ဆွေက ဒီနေ့ မြန်မာပြည်နိုင်ငံရေး ကိစ္စအ၀၀ကို (အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး အပါအ၀င်) ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ အမျိုးသားရေးခေါင်းဆောင် ပေါ်ဖို့လိုမယ် ထင်တယ်ဟု ဆွေးနွေးရာ မောင်စူးစမ်းက လုံးဝ ပယ်ချလိုက်ပြီး "ဒီမယ် ကျွန်တော်နဲ့ စကားလာပြောရင် အိုင်ဒီးလ် (စံပြပုဂ္ဂိုလ်၊ သူရဲကောင်း)နဲ့ လာမပြောနဲ့၊ ကျွန်တော် လက်မခံဘူး၊ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ဟာ လမ်းညွှန်ဒီမိုကရေစီ Guided Democracy ၊ တပ်မတော်ပါဝင်သော ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံဥပဒေ အတိုင်းသာ စခန်းသွားရမယ်၊ ဒီလမ်းကြောင်းပဲ ရှိတယ်" ဟု ပြတ်သားစွာ တုံ့ပြန်ပါသည်။

           ထို့နောက် မကြာမီ မြန်မာပို့စ် ဇူလိုင် ၁၄ ရက် ၂၀၁၀ တွင် "ရွေးကောက်ပွဲနှင့် လွှတ်တော်လမ်း ပြန်ဖြောင့်ခြင်းလော" ဆောင်းပါးကို ရေးသားလာပါသည်။ ဆိုလိုရင်းကတော့ နိုင်ငံရေးဒဿန၊ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တို့ အစွဲလမ်းကင်းစွာ၊ ဓမ္မဓိဋ္ဌာန်ကျစွာရှိဖို့ကို "စံ" ဟု သတ်မှတ်ကြသည်။ ယင်းကို တရားမျှတသည်ဟုလည်း သတ်မှတ်သည်။ ထိုရွေးကောက်ပွဲမျိုးမှ သန့်ရှင်း သောရလဒ် ထွက်မည်။ အချို့ပညာရှင်တွေကတော့ အုပ်စိုးသူစေတနာကို အခြေခံ "စံ" ဟု မှတ်ယူပြီး အုပ်စိုး သူက စေတနာမှန်လျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ဆိုကြသည်။

         သို့ဖြင့် ရွေးကောက်ပွဲကို မဲဆန္ဒရှင်ဘက်မှကြည့်သော ရှုထောင့်၊ အုပ်စိုးသူ၏ စေတနာဘက်မှ ကြည့်သော ရှုထောင့်ဟူ၍ နှစ်မျိုးကွဲပြားသည်ကို တွေ့ရသည်။

         ထိုအထဲ ၀င်ပြိုင်မည့် နိုင်ငံရေးပါတီတွေ၏ ရှုထောင့်ကို ပေါင်းထည့်လျှငက် သုံးမျိုးဖြစ်သွားမည်။ ရှုထောင့်သုံးမျိုးလုံးတွင် တူညီချက်တစ်ခုတော့ ရှိသည်။ ၎င်းမှာ ပြည်သူ့သဘောထားအမြင် ဖြစ်သည်။ ပြည်သူ့သဘောထားအမြင်ကို အကဲဖြတ်လျှင်တော့ ဓမ္မဓိဋ္ဌာန်ကျဖို့ အခက်အခဲ ရှိနေသည်။ ယင်းသည် အရေးကြီး။

၂၈ မျိုး
          တကယ်တော့ ပြည်သူ့သဘောထား အမြင်ဆိုသည်ကို အကြောင်း/အကျိုး ဆက်စပ်ဆင်ခြင်လျှင် အကဲဖြတ်ရလွယ်ပါသည်။ ထိုသို့မဟုတ်ဘဲ ခံစားမှု (အီမိုးရှင်း)မှာ အခြေစိုက်နေလျှင် ယင်းပြည်သူ့သဘော ထားသည် တည်ငြိမ်မည်မဟုတ်။ လှုပ်ရှားဘောင်ဘင်ခတ်နေမည်။ ယခင်က ပြည်သူ့သဘောထား ဆင်ခြင် တုံတရားများ ဂုဏ်ယူနိုင်ခဲ့ကြသည်။ သို့သော် ယနေ့လို အင်ဖော်မေးရှင်း အပြည့်အ၀ရနိုင်သော အနေအ ထားမှာပင် ပြည်သူ့သဘောထား အမြင်ဆိုသည်များ ဆင်ခြင်တုံတရား ကင်းလွတ်နေသည်ကို တွေ့ကြရ သည်။ ဘာကြောင့် ဆင်ခြင်တုံတရားကို လက်လွှတ်လိုက်ရတာလဲ။ ခံစားမှု အီမိုးရှင်းအပေါ် အခြေစိုက်ပြီး နိုင်ငံရေးကို ကြည့်ကြသည်။ ရွေးကောက်ပွဲကို ကြည့်ကြသည်။ အီမိုးရှင်း ၂၈ မျိုးထိရှိကြောင်း ပညာရှင်တို့က ခွဲခြမ်းပြသည်။ သိပ္ပံသုတေသန လုပ်နည်းလုပ်ထုံးဖြင့်။ (အဆိုပါ အီမိုးရှင်းများ စောစောက မိတ်ဆွေ၏ အမြင်အပါအ၀င်ကို ဆရာမောင်စူးစမ်းက လုံးဝပယ်သည်။)

လမ်းပြန်ဖြောင့်ခြင်းလော
            မြန်မာ့နိုင်ငံရေးက အီမိုးရှင်းအပေါ် အခြေစိုက်ခဲ့ကြလို့ အမှားတွေကြားမှာ ခေတ်ပြိုင်သမိုင်းက သက်သေပြပြီးဖြစ်သည်။ အီမိုးရှင်း (ဆိုကြပါစို့ ဒေါသမောဟနောက် လိုက်ခဲ့ကြလို့) နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ် စနစ်တကျ မသွားဘဲ ပြတ်တောက်ကောက်ကွေ့ ရှော့ခ်တွေဖြစ်၊ မီးတွေပွင့် Non-Linear ဖြစ်ပြီး အချိန်တွေ ကုန်လင့်ကြာမြင့်မျောမော ဖြစ်ခဲ့ကြရသည်။

            ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်တကျ ပြဋ္ဌာန်းပြီးပြီ။ Road Map လမ်းညွှန်မြေပုံ ဆွဲထားတဲ့အတိုင်း သွားနေပြီ။ ရွေးကောက်ပွဲ၊ အခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်တော့မည်။

        ထို့ကြောင့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို အပြတ်အတောက် အကောက်အကွေ့တို့ ကင်းစင်အောင် ပြန်၍ ဖြောင့်မတ်ပေးခြင်းလောဟု စဉ်းစားစရာ ဖြစ်လာ၏။ အဖြေကို ချက်ချင်း ယတိပြတ် ပြောချလို့တော့ စောသေး၏။ အကောင်းဘက်ကတော့ မျှော်ရ၏။ ခန့်မှန်းရတာ ခက်တော့ ခက်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံရေးသည် ဖြစ်နိုင်ခြေဆိုင်ရာ အတတ်ပညာဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း ဖြစ်ဟန်တူသည်။ Ref: Political Brain by Drew Westen ဟု မောင်စူးစမ်းက တင်ပြလိုက်သည်။

          လာမည့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု၌ လူထုပါဝင်ပတ်သက်မှု ရှိမည်၊ ၀ါဒသဘောတရားရေးရာ အိုင်ဒီယာအချို့ ပေါ်လာမည်၊ အင်စတီကျူးရှင်းများ ပေါ်လာမည် (လွှတ်တော်၊ တပ်မတော်ပါဝင်မှု စသည်ဖြင့်...) တပ်မတော် ပါဝင်ပတ်သက်ခြင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်နေပြီး ယင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှု၏ အပိုင်းတစ်ပိုင်း မလွဲမသွေ ဖြစ်နေပြီ။ နိုင်ငံရေးပါတီများ နေရာရလာခြင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုသစ် ဖြစ်သည်။ အာဏာသိမ်းမှုလို ကိစ္စမျိုးတွေ အဆုံးသတ်စေလို၍ တပ်မတော်က နိုင်ငံရေးထဲ တရားဝင်ဥပဒေကြောင်းအရ ပါဝင်ပတ်သက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

မည်သို့ရှိစေ-
(၁) မဲပေးခြင်းသည် ဒီမိုကရေစီကို ကာကွယ်ရာရောက်၏။
(၂) ဒီမိုကရေစီတွင် ရွေးကောက်ပွဲတို့ လိုအပ်သည်။
(၃) ဒီမိုကရေစီ အသည်းကြားက မဲတစ်ပြားသည် တန်ဖိုးကြီးလှစွာ၏။
(၄) ရွေးကောက်ပွဲသည် အပြောင်းအလဲများ၏ ရှေ့ပြေးလှပ သင်္ကေတဖြစ်သည်။

[NORTHERN STAR, အမှတ်-၇၅၊ ဇူလိုင် ၂၉၊ ၂၀၁၀၊ စာမျက်နှာ-၁၈]

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.