စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- လအလိုက်အဆောင်ကျောက်များ

လအလိုက် အဆောင်ကျောက်များ



အခုရေးမဲ့အကြောင်းအရာက ၁၂လရာသီဖွားများအတွက် အဆောင်ကျောက်တွေ အကြောင်းပါ။ ကျောက်တွေတိုင်းမှာ ကိုယ်ပိုင် အစွမ်းသတ္တိများ ရှိကြပြီး ၀တ်ဆင်သူကို အကျိုးပေးတတ်ကြောင်း သိရပါတယ်.. ၁၂လရာသီဖွား အားလုံး အတွက်ဆိုတော့ ရတနာ ၁၂မျိုး ရှိနေတာမို့ ကျောက်မျက်ရတနာ တစ်ခုစီအကြောင်း အသေးစိတ်ရေးရင် ရှည်လျားထွေပြားမှာ စိုးတာကြောင့် တစ်မျိုးစီအကြောင်းကို ရှာဖွေစုဆောင်း ဖတ်ရှုထားသမျှ အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါတယ်။

ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်


ပထမဆုံး ဇန်န၀ါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်န၀ါရီလဖွားများအတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်လို့ သိရပါတယ်.. ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

၁. စိတ်ကိုအေးချမ်းစေခြင်း
၂.ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း
၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း
၎.၀တ်ဆင်ထားသူအား အန္တရာယ်တစ်ခုခုကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း)
၅.ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း
၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း
၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း
၈.ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း
၉.မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ


ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်း ခေါ် ခရမ်းစွဲဖြစ်ပါတယ်.. ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်ဟာ နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..

ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ

၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း
၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း
၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း
၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း
၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း
၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ
မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ၀တ်ဆင် သုံးစွဲတတ်ကြပါတယ်.. မြပြာဟာ ဥဿဖရားအပြာရောင်နဲ့ ဆင်ဆင် တူတဲ့အတွက် ၀ယ်ယူတဲ့အခါမှာ အထူးသတိထားကာ ၀ယ်ယူသင့်တယ်လို့ မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တူးဖော်ရရှိကြောင်း သိရပါတယ်..

မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ

၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို ၀တ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂.ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း
၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း
၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း
၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧပြီလဖွားများအတွက် စိန်

ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ရှိပြီး ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက တောက်ပမှု အားအကောင်းဆုံး ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ ၀တ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက စိန်ကို ၀တ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ဟာ ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့် ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်.. ၀တ်ဆင်သုံးစွဲတဲ့သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို အနားစများ ပဲ့ထွက်ခြင်း ဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့် စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်…


စိန်သည် ၀တ်ဆင်သူအား

၁.ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊
၂.တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြောက်အရွံ့များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း
၃.ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း
၎.မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေလဖွားများအတွက် မြ


မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်… မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်…။

မြကျောက်သည် ၀တ်ဆင်သူအား

၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃.စွမ်းအားကို တိုးမြင့်စေခြင်း
၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇွန်လရာသီဖွားများအတွက် ပုလဲ


ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း၊ လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့ဟာ ပုလဲအတွက် မရှိမဖြစ်လိုအပ်တယ်လို့ သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..


ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…

၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊
၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း
၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း
၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇူလိုင်လဖွားများအတွက် ပတ္တမြား


ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားဟာ အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ် ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်း ရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။

ပတ္တမြားသည် ၀တ်ဆင်သူအား

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂. အမျိုးသားများ ကာယသုခ ရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၎. မိတ်ဆွေတိုးပွားစေခြင်း
၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း


သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်းရှိသော ပြောင်ခေါင်းစိမ်း လို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊ စိမ်းရွှေဝါရောင်၊ အညိုနုရောင်နဲ့ သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်ထွက် သံပုရာစိမ်းမှာ အကောင်းဆုံး အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်စေရန်အတွက် အသုံးပြုရန်မှာ ဗနီကာအရည်ဟာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်.. တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစားများသာ ထွက်ရှိကာ တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာနိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။


ပြောင်ခေါင်းစိမ်းတွင်

၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း
၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာ ဖြစ်စေနိုင်ခြင်း ၊ ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း
၃.ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို မမက်အောင် ကာကွယ်ပေးနိုင်ခြင်း
၎.ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း
၅.ခန္ဓာကိုယ်အတွက် ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း
၆.ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စက်တင်ဘာဖွားများအတွက် နီလာ


စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်.. အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော ကျောက်များ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..
နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ

၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း
၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း
၃.ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း
၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း
၅.နီလာ ၀တ်ဆင်ထားသူသည် တစ်စုံတစ်ရာသော မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း
၆.ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ


အောက်တိုဘာလ မွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့် ၅.၅မှ ၆.၅ အထိရှိသော အိုပယ်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်.. ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကိုလိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လှပစွဲမက်ဖွယ်ကောင်း လှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးမှာ ၄င်းအရောင်များ အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပသော အပြာရောင်ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အ၀ါရောင်နှင့် အစိမ်းရောင်စဉ်များ၊ အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပြေးများ ပေါင်းစပ်ပါဝင်နေလေ့ ရှိပါတယ်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍ အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး ထွက်သောနိုင်ငံဖြစ်ပါတယ်။

ကြောင်မျက်ရွဲနှင့်ပတ်သက်၍

၁.၀တ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကိုဝတ်ဆင်ထားသူသည် စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ လင်းလက်နေတတ်ပြီး၊ စိတ် လေးလံထိုင်းမှိုင်းနေပြီး၊ မပျော်မရွှင် စိတ်ညစ်နေသည်ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန်ဖျော့တော့သွားစေနိုင်ခြင်း
၂.မျက်စိနှင့်ပတ်သက်သောရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် မျက်စိရောဂါများကို ပျောက်ကင်းသက်သာစေနိုင်ခြင်း
၃. သိဒ္ဓိများနှင့် ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုဝင်ဘာလဖွားများအတွက် ဥဿဖရား


နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရားကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့် တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ ဥဿဖရား အရိုင်းတုံးအဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင်ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။

အပြာရောင် ဥဿဖရား

ဥဿဖရားတွင်

၁.ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း
၂.မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း
၃.စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း
၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း
၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်


ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ် မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။

တာကွိုက်စ်ကျောက်သည်

၁.ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂.ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း
၃.အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း
၎.စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း
၅.အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း
၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။

~~~~~~~~~~~~~~~~~ ပြီး ~~~~~~~~~~~~~~~~~~~~
    
ချော(အစိမ်းရောင်လွင်ပြင်)     ကနေတွေ့လို့ မျှဝေလိုက်ပါတယ်။


- ဗုဒ္ဓဘာသာသည် မျက်ကန်းကိုးကွယ်မှု့စနစ်ကို ကျင့်သုံးသော ဘာသာမဟုတ်


၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
၎။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။
၈။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။

ဤတရားတို့ကား အပြစ်ရှိသော(အကုသိုလ်)တရား၊
ဤတရားတို့ကား အပြစ်ကင်းသော(ကုသိုလ်)တရားဟု
မိမိတို့ကိုယ်တိုင် လွတ်လပ်စွာတွေးခေါ်ကြရမည် ဟု ဗုဒ္ဓကမိန့်ကြားခဲ့ပေသည်။

တိကင်္ဂုတ္တရပါဠိတော်၊ ကာလာမသုတ်။

- ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း




မြတ်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သံဃာ့အစည်းအဝေးတခု၌ သံဃာများသည်- ငါ့ရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း-ဟု ဆွေးနွေးနေကြ၏။
အချို့က-တန်ခိုးကြီးသော မင်းအဖြစ်သည် ချမ်းသာ၏-ဟု ဆိုကုန်၏။
အချို့က-ကာမဂုဏ် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသောလူသည် ချမ်းသာသည်-ဟု ဆို၏။
အချို့က-အလိုရှိသမျှ အစားကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်-ဟု ဆို၏။
ချမ်းသာခြင်း၏အကြောင်းကို စိတ်ကူးရသလို အမျိုးမျိုး ပြောနေကြစဉ် မြတ်ဗုဒ္ဓ ရောက်လာတော်မူရာ-
ရဟန်းတို့ သင်တို့ ထင်မြင်သော ချမ်းသာဟူသမျှသည် ၀ဋ်ဆင်းရဲ၌ အကျုံးဝင်၏။ ဤလောက၌ ဘုရားပွင့်တော်မူခြင်း၊ တရားတော်ကို ကြားနာရခြင်းနှင့် သံဃာအများ ညီညွတ်ခြင်း စသည်တို့သာ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်သည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

( ပါဠိဂါထာ )
သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ ၊
သုခါ သဒ္ဓမ္မ ဒေသနာ ။
သုခါ သံဃဿ သာမဂ္ဂီ ၊
သမဂ္ဂါနံ တပေါ သုခေါ ။

( မြန်မာပြန် )
ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သူတော်ကောင်းတရားကို နာကြားနေရခြင်း (၀ါ) ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သံဃာများ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။

( လင်္ကာ )
ဘုရားရှင်တော်၊ များကျိုးမျှော်၍၊ ပွင့်ပေါ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
ကြားနာသူပေါင်း၊ ကောင်းထက်ကောင်းအောင်၊ သူကောင်းအများ၊ တရားသဘော၊ ဟောပြောခြင်းမှာ၊ လွန်ချမ်းသာ၏။
သံဃာတော်များ၊ ယူမပြားဘဲ၊ စိတ်ထားမချွတ်၊ ညီညွတ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
မကွာအယူ၊ ညီညွတ်သူတို့၊ စိတ်တူ ကိုယ်မျှ၊ ကျင့်ရခြင်းမှာ၊ လွန်ချမ်းသာ၏။

( ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု )

- အနမ်းရဲ့ Definition

 


လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့......
၁။တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.