စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။
- ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ - ဖေမြင့်
ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ - ဖေမြင့်
               ဒီမိုကရေစီနိုင်ငံ သို့မဟုတ် ဒီမိုကရေစီ အစိုးရတစ်ရပ် ဖြစ်ရန်အတွက် မည်သည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်သနည်းဟူသည်ကို နိုင်ငံတကာရှိ ပြည်သူများ စဉ်းစားကြ၊ ထုတ်ဖော်တင်ပြကြ၊ အတည် ပြု သတ်မှတ်ကြသည်။ အချို့က သည်အချက်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ သို့မဟုတ် အခွင့်အရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များထဲမှာပင် တစ်ပါတည်း ထည့်သွင်းကြသည်။
             တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည် ပကတိအခြေအနေနှင့် ဖြတ်သန်းခဲ့သော ရာဇ၀င်တို့ မတူညီသည့် အလျောက် ဒီမိုကရေစီဟု ဆိုကြသည့် နိုင်ငံချင်း အတူတူမှာပင် ဦးစားပေး အလေးထားမှုများ မတူညီကြ သော်လည်း၊ မည်သည့်အရာများသည်ကား ဒီမိုကရေစီအတွက် ရှိသင့်ရှိအပ်သော အခြေခံမူများ ဖြစ်သည်ဟု မှတ်ယူကြရာ၌ကား ကွဲလွဲလေ့မရှိကြပေ။
အဆိုပါ တူညီသော အခြေခံမူများကို စုစည်းဖော်ပြရသော်-
[၁] နိုင်ငံသားတို့ ပါဝင်ဆောင်ရွက်မှု (citizen participation)
               ဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း ဖော်ပြသည့် သိသာထင်ရှားသော လက္ခဏာတစ်ခုကား နိုင်ငံရေးရာ စီမံခန့်ခွဲမှုတွင် နိုင်ငံသားတို့ ပါဝင်ကြခြင်းဖြစ်၏။ နိုင်ငံရေးရာ၌ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့အ တွက် ရပိုင်ခွင့်သာမဟုတ်၊ တာဝန်လည်း ဖြစ်၏။
              နိုင်ငံသား ပါဝင်မှုဆိုရာ၌ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးရာများကို သိရှိအောင် လေ့လာမှတ်သားခြင်း၊ ပြဿနာများကို ဆွေးနွေးဝေဖန်ခြင်း၊ ရပ်ရွာပြည်သူ့ စည်းဝေးပွဲများသို့ တက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အကောက်အခွန်များ ပေးဆောင်ခြင်း၊ လိုအပ်သည့်အခါ မိမိသဘောဆန္ဒကို တင်ပြတောင်းဆိုခြင်း စသည့် အသွင်သဏ္ဌာန်မျိုးစုံတို့ အကျုံးဝင်သည်။
[၂] တန်းတူညီမျှမှု (equality)
           ဒီမိုကရေစီ လူ့အဖွဲ့အစည်းများသည် လူအားလုံး တန်းတူညီမျှကြသည်ဟူသော အခြေခံမူကို အလေးအနက် ပြုကြသည်။ တန်းတူညီမျှခြင်းဟူသည် လူအသီးသီးတို့အား ညီမျှစွာ တန်ဖိုးထားခြင်း၊ တူညီသော အခွင့်အရေးရရှိစေခြင်း၊ လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု၊ လိင် စသည်တို့ ကွဲပြားမှုကြောင့် အတန်းအစား ခွဲခြားမှု မရှိစေခြင်း စသည်တို့ကို ဆိုလိုသည်။ ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် တစ်ဦးချင်းသော သူများနှင့် လူအုပ်စုများသည် အများနှင့်မတူသော မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ယုံကြည်မှုနှင့် စရိုက်လက္ခဏာများကို ထိန်းသိမ်းထားပိုင်ခွင့် ရှိပေသည်။
[၃] နိုင်ငံရေးအရ သည်းခံမှု (political tolerance)
          ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၌ နိုင်ငံရေးသည်းခံမှု ရှိသည်။ တိုင်းပြည်တွင် အများစုကို ကိုယ်စားပြုသူတို့ အုပ်စိုးနေသော်လည်း အနည်းစု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု ပြုသည်။ အာဏာလက်ရှိ မဟုတ်သူတို့မှာလည်း စည်းရုံးခွင့်၊ မိမိအယူအဆကို ဖော်ထုတ်ပြောဆိုခွင့်များ ရှိသည်။ အများစုနှင့် အယူအဆကွဲလွဲသည့် ထိုလူနည်းစုများကို "အတိုက်အခံ" ဟူသော အသုံးအနှုန်းဖြင့်လည်း သိမှတ်လက်ခံတတ်ကြသည်။
             အုပ်စိုးသူတို့ သည်းခံမှုရှိသလို တစ်ဦးချင်းသော ပြည်သူအချင်းချင်းလည်း တစ်ဖက်လူ၌ မိမိနှင့် မတူညီသော အယူအဆရှိခြင်းကို သည်းခံနိုင်ရသည်။
           တိုင်းပြည်များတွင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် မျိုးနွယ်စု အများအပြားတို့ ရောနှောစုဝေး နေထိုင်ကြသည်ဖြစ်ရာ၊ ၎င်းကဏ္ဍရပ် အသီးသီးမှာပင် လူများစုနှင့် လူနည်းစုဟူ၍ ရှိနေကြပြီး၊ အဲသည် လူနှစ်စု၏ အယူအဆများ ကွဲပြားနေကြလိမ့်မည်။ သို့သော် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်သည် ထိုကွဲပြားမှုများ အတူတကွ တည်ရှိနိုင်အောင် ထိန်းသိမ်းခြင်းဖြင့်ပင် ကြွယ်ဝပြည့်စုံမှု ရကြသည်။ အများစုက အနည်းစု၏ အခွင့်အရေးကို ငြင်းပယ်မည်၊ မတူသော အစုများကို ဖျက်ဆီးချေမှုန်းရန် အားထုတ်မည်ဆိုက ဒီမိုကရေစီကိုပါ ပျက်သုဉ်းစေမည်ဖြစ်သည်။
            ဒီမိုကရေစီ၏ ရည်မှန်းချက်တစ်ခုမှာ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ဆုံးဖြတ်လုပ် ကိုင်ဖို့ဖြစ်ရာ သည်အတွက် လူအားလုံးတို့ကိုလည်းကောင်း၊ ၎င်းတို့၏ အယူအဆများကိုလည်းကောင်း၊ လေးစားမှုရှိဖို့လိုသည်။ နိုင်ငံရေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၌ ဆွေးနွေးခွင့်၊ ငြင်းခုန်ခွင့်၊ စစ်ကြောဝေဖန်ခွင့်များ ရှိမည်ဆိုက မိမိဆန့်ကျင်သော အယူအဆဖြစ်စေ အများသဘောအရ ဆုံးဖြတ်ချက် ချခြင်းဖြစ်က လက်ခံနိုင်ကြမည်သာ ဖြစ်သည်။
[၄] တာဝန်ယူမှု၊ ရှင်းလင်းတင်ပြပြောဆိုမှု (accountability)
              ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်တင်မြှောက်ခံရသူများ၊ နိုင်ငံရေး ရာထူးများ၌ ခန့်အပ်ခံရသူများ အနေနှင့် မိမိလုပ်ဆောင်ချက်များအတွက် တာဝန်ယူခြင်း၊ ယင်းတို့နှင့် ပတ်သက်၍ ပြည်သူများအား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ရ၏။ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ လုပ်ငန်း တာဝန်များ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်ရာ၌ မိမိတို့အကျိုးအတွက် မဟုတ်ဘဲ ပြည်သူတို့၏ အလိုဆန္ဒနှင့်အညီသာ လုပ်ဆောင်ဖြစ်အောင် သည်တာဝန်က ထိန်းကျောင်းမှု ပြုပေသည်။
[၅] ရှင်းလင်းမြင်သာမှု (transparency)
             တာဝန်ယူမှုရှိသော အစိုးရတို့သည် တိုင်းပြည်၌ ဖြစ်ပျက်နေသည်များကို ပြည်သူတို့ သိရှိရန်အတွက် လူအများ တက်ရောက်နိုင်သည့် စည်းဝေးပွဲကြီးများ ပြုလုပ်ကာ မိမိတို့ ဆောင်ရွက်ချက်များကို အခါအားလျော်စွာ အစီရင်ခံ တင်ပြခြင်းဖြင့် ရှင်းလင်းမြင်သာသော အစိုးရအဖြစ် သိမှတ်ခံရ၏။
         ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်သည့်ဆုံးဖြတ်ချက်များကို မည်သူ တို့က မည်သည့်အကြောင်း မည်သည့်ရည်ရွယ်ချက်များဖြင့် ချမှတ်ကြောင်းကို စာနယ်ဇင်းသမားများရော၊ ပြည်သူများပါ သိခွင့်ရကြ၏။
[၆] လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်း
           နိုင်ငံရေးရာနှင့် စပ်လျဉ်းသည့် မိမိ သဘောဆန္ဒကို အများပြည်သူတို့ ပြသနိုင်သည့် နည်းလမ်း တစ်ခုက အစိုးရပိုင်းတွင် ဆောင်ရွက်ရန်အတွက် မိမိတို့ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်၏။ ဒီမိုကရေစီနိုင်ငံတွင် ၎င်းကိုယ်စားလှယ်များအား ရွေးချယ်ခြင်း၊ ဖယ်ရှားခြင်းတို့ကို လွတ်လပ်၍ တရားမျှတသော နည်းလမ်းများအားဖြင့် ပြုလုပ်ကြ၏။ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်တို့အား ခြိမ်းခြောက်ခြင်း၊ လာဘ်ပေးခြင်း စသည်တို့ဥည် ဒီမိုကရေစီမူဝါဒများနှင့် ဆန့်ကျင်၏။ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲများကို သတ်မှတ်ထားသော နှစ်ကာလများအတွင်း မှန်မှန်ကျင်းပပြုလုပ်ရ၏။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်သည် နိုင်ငံသားတို့၏ ဓနဥစ္စာပေါ်တွင် အခြေမတည်ရ။ ဆင်းရဲချမ်းသာမရွေး အရွယ်ရောက်သူမှန်လျှင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိရ၏။ ထို့ပြင် မဲဆန္ဒရှင်များမှာလည်း မဲပေးရာ၌ အနှောင့်အယှက် အဟန့်အတားများ မရှိဖို့လို၏။ သို့မှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ပေသည်။
[၇] စီးပွားရေးလွတ်လပ်မှု (economic freedom)
             ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့သည် စီးပွားရေးအရ လွတ်လပ်ခွင့်ရှိရ၏။ ယင်းအထဲတွင် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခွင့်တို့ ပါဝင်သကဲ့သို့ မိမိအလုပ်ကို မိမိဘာသာ ရွေးချယ် ခွင့်နှင့် လုပ်သားအသင်းအဖွဲ့များတွင် ပါဝင်ပိုင်ခွင့်တို့လည်း အကျုံးဝင်၏။ တိုင်းပြည်စီးပွားရေးတွင် အစိုးရတို့ ၀င်ရောက်ခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ရှိကြသော်လည်း ယေဘုယျအားဖြင့်မူ လွတ်လပ်သော ဈေးကွက်စနစ် တည်ရှိရေးနှင့် အစိုးရက ကြီးကြီးမားမား ၀င်ရောက်ထိန်းချုပ်မှု မပြုရေးကို လက်ခံကြ၏။ [အချို့ကမူ တိုင်းပြည်၌ ယခင်က ရှိခဲ့သည့် မမျှတသော စနစ်များ၊ အခွင့်အရေး မတူမှု ခွဲခြားမှုများကြောင့် ဆင်းရဲချမ်းသာကွာဟမှု များပြားနေခဲ့မည်ဆိုက ယင်းအနေအထား လျော့ပါးစေရန်အတွက် အစိုးရတို့က စီးပွားရေးပိုင်းတွင် များများစားစား ပါဝင်ဆောင်ရွက်သင့်သည်ဟု ယူဆကြ၏။]
[၈] အာဏာအလွဲသုံးမှုများကို ထိန်းချုပ်ခြင်း
             ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ခံ ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အချို့သော လူအုပ်စုများ ကသော်လည်းကောင်း၊ မိမိတို့လက်ဝယ်ရှိ အာဏာကို အလွဲသုံးမှုမပြုနိုင်အောင် တားဆီးကာကွယ်လေ့ ရှိကြ၏။ အလွဲသုံးမှုများထဲတွင် အများပြည်သူ့ဘဏ္ဍာကို မိမိအကျိုးအတွက် အသုံးပြုခြင်း၊ မိမိလုပ်ပိုင်ခွင့်ကို ကျော်လွန်၍ အာဏာသုံးစွဲခြင်း စသည်တို့ ပါဝင်၏။
            ယင်းသို့ အလွဲသုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အစိုးရအဖွဲ့အစည်း၏ အစိတ်အပိုင်း အသီးသီး တို့အား လုပ်ပိုင်ခွင့်အာဏာများကို ခွဲခြားသတ်မှတ်ကာ အပြန်အလှန် ထိန်းချုပ်မှုများ ပြုလုပ်နိုင်အောင် စီစဉ်ထားရ၏။ တရားရုံးများ သီးခြားလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိရသည့်အပြင်၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များ အစိုးရဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့စသည်တို့ ဥပဒေနှင့်မညီသော လုပ်ကိုင်မှုများရှိခဲ့သော် ထိန်း ချုပ်နိုင်မည့် အဖွဲ့အစည်းများလည်း ရှိရ၏။
[၉] ရပိုင်ခွင့် ဥပဒေများ (bill of rights)
      ဒီမိုကရေစီနိုင်ငံ အများအပြားမှာပင် ပြည်သူတို့အား အာဏာအလွဲသုံးမှုများမှ အကာအကွယ် ပြုရန်အတွက် ရပိုင်ခွင့်ဥပဒေများ ဟူသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းပြဋ္ဌာန်းလေ့ရှိ၏။ ၎င်းဥပဒေများသည် ပြည်သူတို့၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အာမခံချက် ပေးထားလေ့ရှိ၏။ ဖွဲ့စည်းပုံထဲတွင် ပါဝင်သဖြင့် ၎င်းတို့အား တရားရုံး၏ အာဏာဖြင့် အကာအကွယ်ပေးနိုင်၏။ ရပိုင်ခွင့်ဥပဒေ များသည် အစိုးရတို့ အာဏာအလွန်အကျွံ မသုံးစွဲနိုင်အောင် ကန့်သတ်ဟန့်တားထားသော သဘောလည်း ရှိပေသည်။
[၁၀] ပါတီစုံစနစ် ကျင့်သုံးမှု (multi-party system)
            တိုင်းပြည်ကို စီမံအုပ်ချုပ်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန်အတွက် ရွေးကောက်ပွဲများ ကျင်းပရွေး ချယ်ရာတွင် ၀င်ရောက်ယှဉ်ပြိုင်သောပါတီ တစ်ခုထက်မက ရှိဖို့လို၏။ ပါတီစုံစနစ် ရှိသောအခါ ရွေးကောက် ပွဲတွင် အနိုင်ရသော ပါတီက တိုင်းပြည်ကို စီမံအုပ်ချုပ်မည့် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်စဉ်၊ တစ်ဖက်၌ လည်း ယင်းနှင့်အပြိုင် အတိုက်အခံဟုခေါ်သော အဖွဲ့အစည်းများ ရှိနေမည်ဖြစ်၏။ ၎င်းတို့က အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ထောက်ပြခြင်း၊ တိုင်းပြည်၏ အထွေထွေအရပ်ရပ် ပြဿနာများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့်မတူသော အခြားအမြင်များကို ပြည်သူများရော အစိုးရပါသိအောင် တင်ပြခြင်းများ ပြုလုပ်နိုင် ကြရာ တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက ကူညီထိန်းကျောင်းပေးသော သဘောဖြစ်၏။
        ထို့ပြင် ပါတီစုံစနစ်သည် မဲဆန္ဒရှင်တို့အတွက် ရွေးချယ်ခွင့် ပိုမိုစေပြီး၊ ပါတီများနှင့် ရွေးကောက်ပွဲဝင် သူများထဲမှ မိမိ နှစ်သက်ရာကိုလည်းကောင်း၊ မိမိ နှစ်သက်သည့် နိုင်ငံရေးပေါ်လစီကိုလည်းကောင်း ထောက် ခံဆန္ဒပြုနိုင်စေပေသည်။
[၁၁] ဥပဒေအာဏာပိုင်စိုးမှု (the rule of law)
           ဒီမိုကရေစီနိုင်ငံတွင် ဘုရင်နှင့် ရွေးကောက်ခံသမ္မတတို့ အပါအ၀င် မည်သူမျှ တရားဥပဒေ၏ အထက်၌ မရှိနိုင်ကြပေ။ ဤသည်ကို ဥပဒေအာဏာ ပိုင်စိုးမှုဟု ခေါ်၏။ လူတိုင်းသည် တရားဥပဒေကို လေးစားလိုက်နာရသည်။ အကယ်၍ ချိုးဖောက်ခဲ့သည်ရှိသော် တာဝန်ယူ ဖြေရှင်းကြရမည်ဖြစ်၏။ တစ်ဖက် တွင် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများသည် အားလုံးအတွက် တန်းတူညီမျှ ဖြစ်ရ၏။ ထို့ပြင် တရားရုံးသည် အစိုးရ၏ အခြားအဖွဲ့အစည်းများ သြဇာလွှမ်းမိုးမှုမရှိသည့် လွတ်လပ်သောတရားရုံး ဖြစ်ရ၏။ အမှုစစ်ဆေးရာသို့ အများပြည်သူ လာရောက်ကြည့်ရှုနိုင်ပြီး တရားရုံး လုပ်ငန်းအစီအစဉ်အတိုင်း နှောင့်နှေး မှုမရှိ ဆောင်ရွက်ရ၏။
*-*-*-*-*-*-*-*-*-*-*
            ဤသည်ကား ဒီမိုကရေစီနိုင်ငံများတွင် တွေ့ရှိရသည့် တူညီသော လက္ခဏာရပ်များအနက်  
        အရေးပါသော အချက်အချို့ကို စုစည်းဖော်ပြထားခြင်းဖြစ်၍၊ တိုင်းပြည်အသီးသီးတို့၌ ဒီမိုကရေစီ 
               မည်ရွေ့မည်မျှ ရှိမရှိ သိလိုသော် အဆိုပါအချက်များနှင့် ချိန်ထိုးတွက်ဆ နိုင်ကြပါသည်။
                           [ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၊ စာမျက်နှာ-၁၈၊ ၁၉]
- ဒီမိုကရေစီ မော်ဒန်ဖြစ်ရေး ၁၁ ပါး - မောင်စူးစမ်း)
(ဒီမိုကရေစီ မော်ဒန်ဖြစ်ရေး ၁၁ ပါး - မောင်စူးစမ်း)
mgsusan.jpg
ပါရာဒိုင်းလက္ခဏာလေးပါး
             ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်သစ်တွင် ဒီမိုကရေစီမော်ဒန်ဖြစ်ရန် မည်သည့်အခြေအနေများ လိုအပ်ပါ သနည်းဟု မေးခွန်းထုတ်စရာ ပေါ်သည်။ ဒီမိုကရေစီ၌ ရှေးဟောင်း ၂၀ ရာစုနှစ်နှင့် ၂၁ ရာစုနှစ်တို့ဟူ၍ ပုံစံအ မျိုး မျိုးရှိလေရာ ထူထောင်မည့် ဒီမိုကရေစီသည် ခေတ်ရေစီးကြောင်းနှင့်အတူ မော်ဒန်ဖြစ်ဖို့ လိုသည်။    
           ချမှတ်ရရှိထားသော နိုင်ငံရေးပုံစံခွက်၌ အောက်ပါလက္ခဏာတို့ ပါဝင်သည်။
  1. နိုင်ငံရေးစနစ်တွင် အရပ်ဘက်ကိုယ်စားပြုမှုနှင့် စစ်ဘက်ကိုယ်စားပြုမှုတို့ဟူ၍ စုံတွဲပါရှိရာ သီအိုရီအရ ဤကိုယ်စားပြုမှုနှစ်ရပ်သည် ချိန်ခွင်လျှာမှန်ရမည်။
  2. လွှတ်တော်သုံးရပ် နိုင်ငံရေးဖြစ်မည်။
  3. ပါတီစုံနိုင်ငံရေးစနစ်ဖြစ်မည်။
  4. အာဏာရပါတီဆိုပြီး ရွေးကောက်ပွဲတွင် မျက်နှာစာတစ်မျိုး ပေါ်မည်။ (၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် အာဏာရပါတီဆိုပြီး မရှိခဲ့ပေ။ ယခု အာဏာရအဖွဲ့က နိုင်ငံရေးပါတီ ဖွဲ့စည်းလာသည်။)
            ထို့ကြောင့် အထက်ပါလက္ခဏာလေးပါးရှိသော နိုင်ငံရေးပုံစံခွက်ကို ခေတ်မီသော ဒီမိုကရေစီဖြစ် အောင်  (မော်ဒန်ဒီမိုကရေစီဖြစ်အောင်) မည်ကဲ့သို့ ဖန်တီးမည်နည်းဟူသော အရေးကြီးသည့် ပုစ္ဆာတစ်ရပ် ပေါ်သည်။  ဒီမိုကရေစီဟုပြောရုံဖြင့် မလုံလောက်။ ဒီမိုကရေစီသည် မော်ဒန်ဖြစ်ရဦးမည်။
လိုအပ်ချက် ၁၁ ပါး
              မော်ဒန်ဒီမိုကရေစီဖြစ်ရေးအတွက် ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် ဘားနက်ခရစ်က လိုအပ်ချက် ၁၁ ပါးကို ရှင်းပြသည်။ ဤလိုအပ်ချက် ၁၁ ပါးသည် မြန်မာ့ဒီမိုကရေစီပုံစံခွက်နှင့် မည်သို့  အံကိုက်ဖြစ် သနည်းဟု လက်တွေ့ကျကျ စဉ်းစားသုံးသပ်ရန် လိုသည်။
              ဒီမိုကရေစီ မော်ဒန်ဖြစ်ရေးအတွက် အောက်ပါလက္ခဏာများ လိုအပ်သည်။
  1. နိုင်ငံသားတို့၏ ဆန္ဒအလျောက် ပါဝင်ပတ်သက်မှုရှိရမည်။
  2. သစ္စာခံမှုသည် ဆန္ဒအလျောက် ဖြစ်ရမည်။ ဘာသာရေးနှင့် ကင်းရှင်းရမည်။ အာဏာကျင့်သုံး သည့်ဖြစ်ရပ်သည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ကြား ထားရှိသော ပဋိညာဉ်အရ ဖြစ်ရမည်။
  3. လူလတ်တန်းစား ပေါ်ထွန်းအားကောင်းရမည်။
  4. အထက်လွှာအီလစ် ရှိရမည်။ အီလစ်သည် တည်ငြိမ်မှုကို ထိန်းသည်။ ခေတ်ကို ရှေ့ဆောင်သည်။
  5. စံနမူနာပြ အစိုးရအဖွဲ့အစည်းများ ရှိရမည်။ အထူးသဖြင့် လွှတ်တော်ရှိရမည်။
  6. စီးပွားရေးစနစ် အမျိုးအစားသည် ဈေးကွက်စီးပွားရေး (၀ါ) အရင်းရှင်စနစ် စီးပွားရေးဖြစ်ရမည်။
  7. ပစ္စည်းဆိုင်ရာ သီအိုရီတို့တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးရမည်။ ပစ္စည်းသည် လှုပ်ရှားလာသော မိုဘိုင်းလ်ဖြစ်ရမည်။
  8. ဥပဒေအပေါ် သဘောထားတွင် ဓလေ့ထုံးတမ်းဥပဒေနှင့် ဥပဒေပြုအဖွဲ့မှ ပြဋ္ဌာန်းသော ဥပဒေတို့ဟူ၍ ရှိနေရာ ဥပဒေအသစ်တို့ကို ပါလီမန်လွှတ်တော်က ပြဋ္ဌာန်းစေရမည်။
  9. ပညာနှင့်ပတ်သက်သော သဘောထားတွင် ပညာသည် ခွဲခြမ်းစိတ်ဖြာမှုရှိရမည်။ ပညာသည် နိုင်ငံရေးပါဝါ၏ လက်နက်ကိရိယာ မဖြစ်စေရ။
  10. သတင်းအချက်အလက်တို့သည် ပျံ့နှံ့ရမည်။ ကြေညာချက်တို့က သတင်းဖြစ်သည်ထက် စာနယ်ဇင်းတို့က သတင်းဖြစ်ရမည်။
  11. ဒီမိုကရေစီတွင် ညှိနှိုင်းရေးကို အားထားရမည်။
ဒီမိုကရေစီမော်ဒန်ဖြစ်ရန် အထက်ဆိုခဲ့ပါ လက္ခဏာများ ပြည့်စုံရန်လိုသည်။
မောင်စူးစမ်း
အညွှန်း - Harvard Series
[The VOICE Weekly, အတွဲ-၆၊ အမှတ်-၃၅၊ စာမျက်နှာ-၁၉]
- ဖွခြင်းနှင့် ၀ိရောဓိတစ်ပါး - မောင်စူးစမ်း
(ဖွခြင်းနှင့် ၀ိရောဓိတစ်ပါး - မောင်စူးစမ်း)
mgsusan.jpg
ပြဿနာဖွ
               ခေတ်ဟောင်း ဂျာမနီမှ နာဇီခေါင်းဆောင် ဂိုဘဲလ်က "နိုင်ငံရေးပါတီတို့သည် ပြဿနာတို့ကို မဖွဘဲ နေလို့မရ။ သူတို့ဖွထားသည့် ပြဿနာတို့ကို ကျုပ်တို့က ဖြေရှင်းရတယ်" ဟူ၍ ပြောဖူးသည်။ သူ၏ ဤသို့ ပြောကြားချက်ကို ဒီမိုကရေစီတရားတို့၌ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ရည်ညွှန်းကြသည်။ နိုင်ငံရေးပါတီတို့က ပြဿနာတို့ကိုဖွ၍ အာဏာရှင်စနစ် ပေါ်ထွန်းရသည်ဟု အာဏာရှင်တို့က ဆင်ခြေပေးလေ့ပေးထ ရှိခဲ့သည်။
           တစ်ဖက်မှ စဉ်းစားကြည့်လျှင် ဒီမိုကရေစီသည် ပြဿနာတို့ကို ဖျာအောက်၌ ၀ှက်ထားလို့မရ။ ပြဿနာတို့သည် လူသိရှင်ကြား ဖြစ်နေရသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ လက္ခဏာတစ်ပါးသည် ပွင့်လင်းမြင်သာမှုဟူ၍ ဖြစ်နေသည်။ ပွင့်လင်းမြင်သာမှုဆိုသော မူဖြင့် ဒီမိုကရေစီက ပြဿနာတို့ကို ဖွင့်လှစ်သည်။ ဤသို့ ဖွင့်လှစ်သည်ကိုပင် ပြဿနာတို့ကို ဖွသည်ဟု ဆိုလာသည်။ နာဇီခေါင်းဆောင်တို့ အဆိုအရ နိုင်ငံရေးပါတီတွေ ပြေလည်အောင် ဖြေရှင်းနိုင်လျှင် ပြဿနာတို့ကို ဖွခြင်းသည် အကြောင်း မဟုတ်။ ဖွတာကတော့ အာဏာရှင်စနစ်ကို လမ်းဖွင့်ပေးရာရောက်သည်။
နိုင်ငံရေးအပေါ် သဘောထား
                ဤအကြောင်းသည် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို နှိုင်းယှဉ်ရာမှ ပေါ်လာသော ပြဿနာ တစ်ရပ် ဖြစ်သည်။ ဒီမိုကရေစီအကျိုးမှာ ပြဿနာတွေ ဖုံးဖိထားရမည်ဟူ၍ မဆိုလိုပေ။ ဒီမိုကရေစီပြဿနာ တို့ကို ဖုံးဖိထားခွင့်မရှိ။ အကြောင်းမူ ပြဿနာဖြေရှင်းရာတွင် မဲဆန္ဒရှင်တို့ကို အသိပေးရန် လိုသောကြောင့် ဖြစ်သည်။ ဖုံးဖိထားလျှင် နောက်ရွေးကောက်ပွဲ၌ အရေးနိမ့်သွားနိုင်သည်။ အရာအချို့က ဒီမိုကရေစီ၏ ပုံစံကျလက္ခဏာတို့ထက် နိုင်ငံရေးအပေါ် သဘောထားက ပို၍ အရေးကြီးသည်ဟု ထောက်ပြသည်။ နိုင်ငံရေးအားပေးသလား၊ အားမပေးဘူးလားဆိုသော သဘောထားက အခြေခံကျကျ အရေးကြီးခြင်း ဖြစ်သည်။
              အုပ်စိုးသူက နိုင်ငံရေးကို မုန်းတီးနေလျှင် ဒီမိုကရေစီအတွက် အလားအလာမကောင်းပေ။ ယုတ်စွအဆုံး နိုင်ငံရေးသည် ပြဿနာတို့ကို ညှိနှိုင်းအပေးအယူလွယ်သည့် သဘောရှိသည်ဟု ခံယူလျှင်ပင် နိုင်ငံရေးကို အားပေးရမှန်း သိသွားပါလိမ့်မည်။ နိုင်ငံရေးအပေါ် အဆိုးမမြင်အောင် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့၌လည်း တာဝန်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတို့လည်း ပြဋ္ဌာန်းပြီးဖြစ်သဖြင့် နိုင်ငံရေးအပေါ် အမြင်ကြည်လင်စရာ အကြောင်းရှိနေပါပြီ။
ပညာနှင့် သဘောထားအမြင်
                အချို့က ၀ိရောဓိတစ်ခုကို လက်ညှိုးထိုးကြသည်။ ဒီမိုကရေစီသည် အစိုးရကောင်း ပေါ်ထွန်းရေးကို ရည်ညွန်းသည်ဖြစ်၍ အစိုးရကောင်းနှင့် ပညာသည် ဒွန်တွဲနေရသည်။ ပညာထွန်းကားမှ အစိုးရကောင်း ပေါ်မည်။ သို့သော် မဲဆန္ဒရှင်လူထုသည် အီမိုးရှင်းကို အခြေခံသော သဘောထားအမြင်ဖြင့် ပြုမူသည်ဖြစ်၍ ပညာနှင့် သဘောထားအမြင်တို့အကြား ၀ိရောဓိပေါ်မည်။ ယခုခေတ်သစ် နိုင်ငံရေးစကားနှင့် ပြောရလျှင် နိုင်ငံအုပ်ချုပ်မှု၌ မဟာဗျူဟာ ရှုထောင့်မှကြည့်ခြင်း အားနည်းနိုင်သည်။
ဤသို့ ဖြစ်ရသည်မှာ ပညာနှင့် သဘောထားအမြင်တို့ ၀ိရောဓိဖြစ်ရာ ကျသောကြောင့် ဖြစ်သည်။
အညွှန်း - Harvard Series
[ရန်ကုန်တိုင်းမ်၊ အတွဲ-၆၊ အမှတ်-၂၈၊ ဇူလိုင် ၂၂-၂၈၊ ၂၀၁၀၊ နိုင်ငံရေးအချပ်ပို၊ Supplement (A)]
- လူငယ်တွေ နိုင်ငံရေးလုပ်သင့်တဲ့အချိန် - မောင်ဝံသ
(လူငယ်တွေ နိုင်ငံရေးလုပ်သင့်တဲ့အချိန် - မောင်ဝံသ)
mgwuntha.png
             လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြဖို့လိုတယ် စသည်ဖြင့် ယနေ့ခေတ် နိုင်ငံရေးသမားတွေက ပြောနေကြတာဟာ အလကား အားအားယား ယား ပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ နှစ်နိုင်ငံပြဿနာ မဟုတ်ဘူး။ နိုင်ငံအတော်များများမှာ ကြုံနေရတယ်လို့ သတင်း တွေထဲ ဖတ်လိုက်ရဖူးတယ်။
လူငယ်တွေ ရေသာခိုနေလျှင်
           လူငယ်တွေ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြဿနာဟာ ပေါ့သေးသေး မဟုတ်ဘူးဗျ။ ဒီအတိုင်းသာ ဆက်သွားနေရင် တိုင်းပြည်ရဲ့ အနာဂတ် ကံဆိုးမိုးမှောင် ကျမယ့်ကိန်းပဲ။ နိုင်ငံရေး စိတ်မ၀င်စားဘူးဆိုတာကို ဆန့်ကျင်ဘက်ယူလိုက်ရင် ကိုယ့်အရေး ကိုယ့်မိသားစုအရေး ကွက်ကွက်ကလေးပဲ စိတ်ဝင်စားတယ်လို့ အဓိပ္ပါယ်ပေါ်နေတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘာတွေပဲဖြစ်နေနေ ကိုယ်နဲ့ ကိုယ့်မိသားစုဘ၀ အဆင်ပြေနေရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ လူငယ်တွေဆီမှာ ကိန်းအောင်းအမြစ်တွယ်နေရင် နိုင်ငံရေး ကို စေတနာပါပါ အရည်အချင်းရှိရှိနဲ့ လုပ်မယ့် လူကောင်းသူကောင်းတွေ ဘယ်လိုရနိုင်တော့မလဲ။
          အရည်အချင်း ရှိသူတွေက နိုင်ငံရေး၊ တိုင်းရေးပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့မဆိုင်သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီကွက်လပ်ထဲ ၀င်နေရာယူကြတော့မှာပေါ့။ လူ့အန္ဓတွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမယ့် အဲသလိုလည်း ခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်းတွေပဲ ထိုင်ပြောနေကြမှာ မြင်ယောင်သေးတယ်ဗျာ။
နိုင်ငံရေးလုပ်ခိုင်းတာလား
        သတင်းဂျာနယ်တစ်စောင်နဲ့ ကျွန်တော် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားကြပါလို့ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ပြီး သတင်းထောက်က မေးခွန်းထုတ် တယ်။ "လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားဖို့ ပြောတာဟာ နိုင်ငံရေးလုပ်ကြဖို့ တိုက်တွန်းတာလား" တဲ့။ ကျွန်တော်က လူငယ်တွေကို နိုင်ငံရေးလုပ်ဖို့ မဆိုလိုတဲ့အကြောင်း၊ စိတ်ဝင်စားဖို့ ပြောခြင်းဖြစ်ကြောင်း ပြန်ရှင်းပြလိုက်ရတယ်။
             မြန်မာဗုဒ္ဓဘာသာအဆုံးအမမှာ ရှိတယ်မဟုတ်လားဗျာ။ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာ လုပ်ဖို့ဆိုတာ။
            ကျွန်တော်က အဲဒီအဆုံးအမကို မှီငြမ်းပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာလည်းရှာ၊ နိုင်ငံရေးလည်း လုပ်ကြပါလို့ တိုက်တွန်းချင်တာပါ။
          ယနေ့ခေတ်မှာ ကျန်းမာရေးအသိ ပို၍ ရှိလာကြတာကြောင့် လူတွေ အသက်ပိုရှည်လာတယ်။ ဒါကြောင့် ဒုတိယအရွယ်ဆိုတာကို အသက် (၄၀) ကနေ (၆၀-၇၀) လောက်အထိတောင် ပြောနိုင်တယ်။ အဲဒီ အရွယ်ပိုင်းဟာ နိုင်ငံရေးလုပ်ဖို့ အကောင်းဆုံးပဲဗျ။
       အသက် (၂၅)နှစ်လောက်ကစပြီး ပညာရေးပြီးဆုံးကာ လက်တွေ့လုပ်ငန်းခွင်ထဲ ၀င်မယ်။ (၁၅)နှစ် လောက် အသက်မွေးပညာ အသီးသီးဖြင့် ဥစ္စာရှာခြင်းကို လုပ်ဆောင်ပြီးရင် ထိုက်သင့်သလောက် အခြေတ ကျဖြစ်လာမယ်။ အဲဒီအချိန်မှာ မျက်နှာလွှဲလို့ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မျက်နှာလွှဲပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် မိမိရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို ပေးလှူသောအားဖြင့် နိုင်ငံရေးလုပ်သင့်တယ်လို့ ကျွန်တော်ဆိုလိုတာပါ။ နိုင်ငံရေးကို ကာယကံမြောက် ၀င်မလုပ်ခင် လူငယ်ဘ၀ တစ်လျှောက်လုံးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး လေ့လာသုံးသပ်နေဖို့ အလွန်လိုအပ်တယ်။ ဒါမှသာ ကိုယ်တိုင်ဝင်လုပ်တဲ့အခါ ၀မ်းစာပြည့်ပြီးသား လူတစ်ယောက်အဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်ဗျ။
           စင်ကာပူနိုင်ငံကို ကမ္ဘာ့အဆင့်မီ စီးပွားရေးနိုင်ငံဖြစ်အောင် ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ မစ္စတာလီ ကွမ်ယူက စင်ကာပူမှာ အသက် (၄၀) ၀န်းကျင် ပညာတတ် နိုင်ငံရေးမျိုးဆက်သစ်များ ပျိုးထောင်ရေး စီမံချက်ရေးဆွဲဖို့ စင်ကာပူဝါရင့် နိုင်ငံရေးသမားများနဲ့ လက်ရှိအစိုးရကို ဖိအားပေးတိုက်တွန်းခဲ့တယ်။
အသက် ၄၀ သည် ဘ၀ရဲ့အလယ်ပိုင်း
        လီကွမ်ယူက နိုင်ငံရေးမျိုးဆက်သစ်ကို အသက် ၄၀ ၀န်းကျင်လို့ သတ်မှတ်တာဟာ အဓိပ္ပါယ် အများကြီးရှိတယ်။ အလယ်ကောင်ကို ရွေးတဲ့သဘော ဖြစ်တယ်။ အရင်နှစ် ၂၀ နဲ့ နောက်အနှစ် ၂၀ ကို ကွင်းဆက်ယူထားတာ ဖြစ်တယ်ဗျ။ သူက နိုင်ငံရေးမျိုးဆက်သစ်ဟာ ပညာတတ်တွေ ဖြစ်ရမယ်၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းအတွေ့အကြုံ ဆည်းပူးပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုတယ်။
        စင်ကာပူဟာ အခြားအာရှနိုင်ငံတွေလို အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး စတာတွေ မရှိခဲ့လေတော့ လီကွမ်ယူရဲ့ စိတ်ကူးစိတ်သန်းဟာ သူ့နိုင်ငံအတွက်တော့ အံဝင်ခွင် ကျပဲပေါ့။
ပညာနည်းတော့ ဆင်ခြင်မှုအားနည်း
           အခြားအာရှနိုင်ငံတွေကတော့ ဗြိတိသျှ၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ စတဲ့ ကိုလိုနီသမားတွေ လက်အောက်ကနေ လွတ်မြောက်ရေးစစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ လူငယ်တွေဟာ ပညာရေးပြီးဆုံးအောင် မသင်ခဲ့ရဘဲ အလယ်တန်းပညာ၊ အထက်တန်းပညာလောက်နဲ့ တော်လှန်ရေးထဲ ပါဝင်ခဲ့ရာက နိုင်ငံရေးသမားတွေ ဖြစ်လာခဲ့ကြတယ်။ တိုင်းပြည်လွတ်လပ်ရေး ရတဲ့အခါ သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်တွေ ဖြစ်လာတယ်။ သို့ပေမယ့် ပညာရေးအခြေခံ နည်းပါးလေတော့ စဉ်းစားဆင်ခြင်မှုအပိုင်းမှာ အားနည်းကြတယ်။ ရင့်ကျက်မှု နည်းပါးကြတယ်။ ဒီလိုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ လွဲချော်မှုတွေ ရှိခဲ့တဲ့ သာဓကတွေ အများကြီးပဲဗျာ။
နိုင်ငံရေးပျိုးထောင်မယ်ဆိုရင်
              ဒီတော့ လီကွမ်ယူစိတ်ကူးမျိုးကို လက်တွေ့ကျင့်သုံးမယ်ဆိုရင်တောင် ယနေ့ခေတ်လူငယ်တွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက နိုင်ငံရေးပျိုးထောင်ပေးဖို့ လိုလိမ့်မယ်။ လူငယ်တွေအတွက် အဆင့်ဆင့် လေ့ကျင့်ကွင်းတွေ ရှိဖို့လိုတယ်။ ကျောင်းသားဘ၀မှာကို အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်တဲ့ အကျင့်၊ အများရဲ့ ယုံကြည်ကိုးစားမှုကို ခံယူနိုင်မှ ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့ အသိတွေကို သွတ်သွင်းပေးရတယ်။ ဆရာ ဆရာမအကြိုက်ကို လိုက်လုပ်ပေးရင် ခေါင်းဆောင်ဖြစ်တာပဲ ဆိုတဲ့အသိမျိုး မ၀င်စေရဘူး။ အများရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့အခါ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ်။ ပြိုင်ဘက်တွေအပေါ် မညစ်ရဘူး။ မတရားအခွင့်အရေး မယူရဘူး။ မိမိရှုံးသွားရင် အရှုံးကို ပြုံးပြုံးရင် ဆိုင်ရမယ်။ နိုင်တဲ့အခါမှာလည်း ရှုံးသူအပေါ် မျှတမှုရှိရမယ် စတဲ့ အလေ့အကျင့်တွေဟာ ရင့်ကျက်မှုကို ပျိုးထောင်ပေးတာပါပဲ။
- ရွေးကောက်ပွဲ၊ လွှတ်တော် လမ်းမှန်လမ်းဖြောင့် - စိုးမြင့်သိန်း
(ရွေးကောက်ပွဲ၊ လွှတ်တော် လမ်းမှန်လမ်းဖြောင့် - စိုးမြင့်သိန်း)
               NORTHERN STAR နိုင်ငံရေးစာပေ ရေးဖော်တစ်ယောက် ဆရာမောင်စူးစမ်းအိမ်ကို ရောက်သွား သည်။ ထွေရာလေးပါး ပြောကြားရင်း မိတ်ဆွေက ဒီနေ့ မြန်မာပြည်နိုင်ငံရေး ကိစ္စအ၀၀ကို (အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး အပါအ၀င်) ပြေလည်အောင်ဖြေရှင်းနိုင်တဲ့ အမျိုးသားရေးခေါင်းဆောင် ပေါ်ဖို့လိုမယ် ထင်တယ်ဟု ဆွေးနွေးရာ မောင်စူးစမ်းက လုံးဝ ပယ်ချလိုက်ပြီး "ဒီမယ် ကျွန်တော်နဲ့ စကားလာပြောရင် အိုင်ဒီးလ် (စံပြပုဂ္ဂိုလ်၊ သူရဲကောင်း)နဲ့ လာမပြောနဲ့၊ ကျွန်တော် လက်မခံဘူး၊ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ဟာ လမ်းညွှန်ဒီမိုကရေစီ Guided Democracy ၊ တပ်မတော်ပါဝင်သော ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံဥပဒေ အတိုင်းသာ စခန်းသွားရမယ်၊ ဒီလမ်းကြောင်းပဲ ရှိတယ်" ဟု ပြတ်သားစွာ တုံ့ပြန်ပါသည်။
           ထို့နောက် မကြာမီ မြန်မာပို့စ် ဇူလိုင် ၁၄ ရက် ၂၀၁၀ တွင် "ရွေးကောက်ပွဲနှင့် လွှတ်တော်လမ်း ပြန်ဖြောင့်ခြင်းလော" ဆောင်းပါးကို ရေးသားလာပါသည်။ ဆိုလိုရင်းကတော့ နိုင်ငံရေးဒဿန၊ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တို့ အစွဲလမ်းကင်းစွာ၊ ဓမ္မဓိဋ္ဌာန်ကျစွာရှိဖို့ကို "စံ" ဟု သတ်မှတ်ကြသည်။ ယင်းကို တရားမျှတသည်ဟုလည်း သတ်မှတ်သည်။ ထိုရွေးကောက်ပွဲမျိုးမှ သန့်ရှင်း သောရလဒ် ထွက်မည်။ အချို့ပညာရှင်တွေကတော့ အုပ်စိုးသူစေတနာကို အခြေခံ "စံ" ဟု မှတ်ယူပြီး အုပ်စိုး သူက စေတနာမှန်လျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ဆိုကြသည်။
         သို့ဖြင့် ရွေးကောက်ပွဲကို မဲဆန္ဒရှင်ဘက်မှကြည့်သော ရှုထောင့်၊ အုပ်စိုးသူ၏ စေတနာဘက်မှ ကြည့်သော ရှုထောင့်ဟူ၍ နှစ်မျိုးကွဲပြားသည်ကို တွေ့ရသည်။
         ထိုအထဲ ၀င်ပြိုင်မည့် နိုင်ငံရေးပါတီတွေ၏ ရှုထောင့်ကို ပေါင်းထည့်လျှငက် သုံးမျိုးဖြစ်သွားမည်။ ရှုထောင့်သုံးမျိုးလုံးတွင် တူညီချက်တစ်ခုတော့ ရှိသည်။ ၎င်းမှာ ပြည်သူ့သဘောထားအမြင် ဖြစ်သည်။ ပြည်သူ့သဘောထားအမြင်ကို အကဲဖြတ်လျှင်တော့ ဓမ္မဓိဋ္ဌာန်ကျဖို့ အခက်အခဲ ရှိနေသည်။ ယင်းသည် အရေးကြီး။
၂၈ မျိုး
          တကယ်တော့ ပြည်သူ့သဘောထား အမြင်ဆိုသည်ကို အကြောင်း/အကျိုး ဆက်စပ်ဆင်ခြင်လျှင် အကဲဖြတ်ရလွယ်ပါသည်။ ထိုသို့မဟုတ်ဘဲ ခံစားမှု (အီမိုးရှင်း)မှာ အခြေစိုက်နေလျှင် ယင်းပြည်သူ့သဘော ထားသည် တည်ငြိမ်မည်မဟုတ်။ လှုပ်ရှားဘောင်ဘင်ခတ်နေမည်။ ယခင်က ပြည်သူ့သဘောထား ဆင်ခြင် တုံတရားများ ဂုဏ်ယူနိုင်ခဲ့ကြသည်။ သို့သော် ယနေ့လို အင်ဖော်မေးရှင်း အပြည့်အ၀ရနိုင်သော အနေအ ထားမှာပင် ပြည်သူ့သဘောထား အမြင်ဆိုသည်များ ဆင်ခြင်တုံတရား ကင်းလွတ်နေသည်ကို တွေ့ကြရ သည်။ ဘာကြောင့် ဆင်ခြင်တုံတရားကို လက်လွှတ်လိုက်ရတာလဲ။ ခံစားမှု အီမိုးရှင်းအပေါ် အခြေစိုက်ပြီး နိုင်ငံရေးကို ကြည့်ကြသည်။ ရွေးကောက်ပွဲကို ကြည့်ကြသည်။ အီမိုးရှင်း ၂၈ မျိုးထိရှိကြောင်း ပညာရှင်တို့က ခွဲခြမ်းပြသည်။ သိပ္ပံသုတေသန လုပ်နည်းလုပ်ထုံးဖြင့်။ (အဆိုပါ အီမိုးရှင်းများ စောစောက မိတ်ဆွေ၏ အမြင်အပါအ၀င်ကို ဆရာမောင်စူးစမ်းက လုံးဝပယ်သည်။)
လမ်းပြန်ဖြောင့်ခြင်းလော
            မြန်မာ့နိုင်ငံရေးက အီမိုးရှင်းအပေါ် အခြေစိုက်ခဲ့ကြလို့ အမှားတွေကြားမှာ ခေတ်ပြိုင်သမိုင်းက သက်သေပြပြီးဖြစ်သည်။ အီမိုးရှင်း (ဆိုကြပါစို့ ဒေါသမောဟနောက် လိုက်ခဲ့ကြလို့) နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ် စနစ်တကျ မသွားဘဲ ပြတ်တောက်ကောက်ကွေ့ ရှော့ခ်တွေဖြစ်၊ မီးတွေပွင့် Non-Linear ဖြစ်ပြီး အချိန်တွေ ကုန်လင့်ကြာမြင့်မျောမော ဖြစ်ခဲ့ကြရသည်။
            ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်တကျ ပြဋ္ဌာန်းပြီးပြီ။ Road Map လမ်းညွှန်မြေပုံ ဆွဲထားတဲ့အတိုင်း သွားနေပြီ။ ရွေးကောက်ပွဲ၊ အခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်တော့မည်။
        ထို့ကြောင့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို အပြတ်အတောက် အကောက်အကွေ့တို့ ကင်းစင်အောင် ပြန်၍ ဖြောင့်မတ်ပေးခြင်းလောဟု စဉ်းစားစရာ ဖြစ်လာ၏။ အဖြေကို ချက်ချင်း ယတိပြတ် ပြောချလို့တော့ စောသေး၏။ အကောင်းဘက်ကတော့ မျှော်ရ၏။ ခန့်မှန်းရတာ ခက်တော့ ခက်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံရေးသည် ဖြစ်နိုင်ခြေဆိုင်ရာ အတတ်ပညာဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း ဖြစ်ဟန်တူသည်။ Ref: Political Brain by Drew Westen ဟု မောင်စူးစမ်းက တင်ပြလိုက်သည်။
          လာမည့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု၌ လူထုပါဝင်ပတ်သက်မှု ရှိမည်၊ ၀ါဒသဘောတရားရေးရာ အိုင်ဒီယာအချို့ ပေါ်လာမည်၊ အင်စတီကျူးရှင်းများ ပေါ်လာမည် (လွှတ်တော်၊ တပ်မတော်ပါဝင်မှု စသည်ဖြင့်...) တပ်မတော် ပါဝင်ပတ်သက်ခြင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်နေပြီး ယင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှု၏ အပိုင်းတစ်ပိုင်း မလွဲမသွေ ဖြစ်နေပြီ။ နိုင်ငံရေးပါတီများ နေရာရလာခြင်းသည်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုသစ် ဖြစ်သည်။ အာဏာသိမ်းမှုလို ကိစ္စမျိုးတွေ အဆုံးသတ်စေလို၍ တပ်မတော်က နိုင်ငံရေးထဲ တရားဝင်ဥပဒေကြောင်းအရ ပါဝင်ပတ်သက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
မည်သို့ရှိစေ-
(၁) မဲပေးခြင်းသည် ဒီမိုကရေစီကို ကာကွယ်ရာရောက်၏။
(၂) ဒီမိုကရေစီတွင် ရွေးကောက်ပွဲတို့ လိုအပ်သည်။
(၃) ဒီမိုကရေစီ အသည်းကြားက မဲတစ်ပြားသည် တန်ဖိုးကြီးလှစွာ၏။
(၄) ရွေးကောက်ပွဲသည် အပြောင်းအလဲများ၏ ရှေ့ပြေးလှပ သင်္ကေတဖြစ်သည်။
[NORTHERN STAR, အမှတ်-၇၅၊ ဇူလိုင် ၂၉၊ ၂၀၁၀၊ စာမျက်နှာ-၁၈]
- မျက်နှာစာသုံးပါးမှ ၀ိသေသများ - မောင်စူးစမ်း
(မျက်နှာစာသုံးပါးမှ ၀ိသေသများ - မောင်စူးစမ်း)
mgsusan.jpg
ဒါဝင်ဝါဒနှင့် လစ်ဘရယ်
                အရင်းရှင်စနစ်သည် အာဏာရှင်စနစ်တို့နှင့်လည်း လက်တွဲခဲ့သည်။ ဒီမိုကရေစီစနစ်တို့၌လည်း လက်တွဲခဲ့သည်။ အရင်းရှင်စနစ်သည် မည်သည့်နိုင်ငံရေးနှင့်မဆို လက်တွဲလို့ရသည်ဟု ဆိုကြသည်။ သို့ဖြင့် အရင်းရှင်စနစ်သည် နိုင်ငံရေးစနစ် ရွေးချယ်မှု၌ ကြားနေသည်ဟု အဆိုပြုမှု ရှိလာသည်။ ဤအဆိုပြုမှုကို လက်မခံသော ပညာရှင်တို့က "အားသန်သူ ရှင်သန်သည်" ဆိုသော ဒါဝင်ဝါဒနှင့် လစ်ဘရယ်ဝါဒကို တွဲစပ်၍ လေ့လာကြည့်သည်။ Survival of the Fittest အားသန်သူရှင်သန်ရေး ဆိုသည်မှာ အပြိုင်အဆိုင်လောကကို ရည်ညွှန်းသည်။ ပြိုင်ဆိုင်ရာ၌လည်း ကျားကုတ်ကျားခဲ အသည်းအသန် ပြိုင်ဆိုင်ကြသည်။
             ဤသို့ အသည်းအသန် ပြိုင်ဆိုင်နိုင်ရန် လွတ်လပ်မှုရှိရမည်။ လစ်ဘရယ်ဝါဒနှင့် ဖေဇယ်ဖယ် ယားဝါဒတို့သည် အပြင်းအထန် ယှဉ်ပြိုင်မှုကို ခွင့်ပြုသောဝါဒတို့ ဖြစ်ကြသည်။ တစ်နည်းပြောလျှင် ဖရီးမတ်ကက်ကို ညွှန်းခြင်းဖြစ်သည်။ ဈေးကွက်မလွတ်လပ်လျှင် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ပေ။ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကြလျှင် သဘာဝကျကျ ချိန်ခွင်လျှာမှန်မှု Natural Equilibrium ပေါ်မည်။ တစ်ပြိုင်နက်တည်း၌ နိုင်ငံရေးစနစ်၌ လစ်ဘရယ်ဝါဒ၊ ပိုင်ဆိုင်မှုစနစ်၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ကို အလေးပေးလာသဖြင့် အရင်းရှင်စနစ်သည် ဒီမိုကရေစီအရင်းရှင်စနစ် ဖြစ်လာသည်။
ဒီမိုကရေစီ
            ဒီမိုကရေစီနှင့်မတွဲသော အရင်းရှင်စနစ်တို့လည်း ရှိသည်။ လက်တွေ့သာဓကအားဖြင့် တရုတ်ပြည်၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့ကို ပြသနိုင်သည်။ အရင်းရှင်စနစ်သည် ဒီမိုကရေစီအပြည့်နှင့်လည်း တွဲသည်။ အာဏာရှင်အပြည့်နှင့်လည်း တွဲသည်။ ရောစပ်ကပြားတို့နှင့်လည်း တွဲသည်။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီအတွဲအစပ် ပြဿနာသည် နိုင်ငံရေးအာဏာပြဿနာ ဖြစ်ပုံရသည်။ အာဏာရအဖွဲ့၏ မူဝါဒနှင့် စေတနာတို့အပေါ် မူတည်ပုံရသည်။
သုံးမျိုး
            ဒီမိုကရေစီနှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖော်ရာ၌ မျက်နှာစာသုံးမျိုးဖြင့် ဖော်ကြသည်။
          ပထမမျက်နှာစာအရ နိုင်ငံရေးစနစ်၌ လူထုပါဝင်ပတ်သက်မှုကို ကြည့်သည်။ လူထုပါဝင်ပတ်သက် မှုရှိ၍ ဒီမိုကရေစီရေး လက္ခဏာပေါ်မည်။ ဤနေရာ၌ အငြင်းပွားစရာမှာ လူထုသည် ကျိုးကြောင်းဆင်ခြင် တိုင်းထွာ၍ မိမိရွေးချယ်မှုကို ပြုသလား သို့မဟုတ် လူအုပ်စိတ်ဖြင့် ရွေးချယ်မှုကို ပြုသလားဟူ၍ ဖြစ်သည်။ လူအုပ်စိတ်ဆိုသည်မှာ သူများလုပ်သလို လိုက်လုပ်ခြင်း၊ လူအုပ်သွားရာနောက်လိုက်ခြင်း Crowd Mentality ကို ဆိုလိုသည်။
       ဒုတိယမျက်နှာစာအရ ရွေးကောက်ပွဲဖြင့် အာဏာရလာသူတို့သည် ရေရှည်အလားအလာတို့ကို အမြော်အမြင်ရှိရှိ ရာသက်ပန်ပညာဖြင့် ခေါင်းဆောင်မှာလား၊ သို့တည်းမဟုတ် ပေါ်ပြူလာဖြစ်ရာ ရေပန်းစားရာတို့ကိုကြည့်၍ ခေါင်းဆောင်မှာလားဟူ၍ ရွေးချယ်ရန် ပေါ်ခြင်းဖြစ်သည်။
တတိယမျက်နှာစာ
     တတိယမျက်နှာစာအရ အစိုးရ၏ သဘောသကန်ကို ရှင်းရှင်းလင်းလင်း ကြိုတင်သိထားရန် လိုအပ်ခြင်းဖြစ်သည်။ ကောင်းမွန်သော အစိုးရ ပေါ်ထွန်းရေးသည် အရေးကြီးသော ရည်မှန်းချက်ပန်းတိုင် ဖြစ်ရမည် ဖြစ်သည်။ ကောင်းမွန်သော အစိုးရဆိုသည်မှာ (၁) လူထုကိုယ်စားပြု ဖြစ်ရမည်၊ (၂) နိုင်ငံရေးတရားမျှတမှု၊ (၃) တန်းတူအခွင့်အရေးညီမျှမှု၊ (၄) လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ကို လေးစားခြင်းဖြစ်သည်။
အညွှန်း - Harvard Series
[ရန်ကုန်တိုင်းမ်၊ အတွဲ-၆၊ အမှတ်-၂၉၊ ဇူလိုင် ၂၉ - သြဂုတ် ၄၊ ၂၀၁၀၊ နိုင်ငံရေးအချပ်ပို၊ Supplement-A]
- နိုင်ငံရေးယဉ်ကျေးမှု - ခြောက်ပိုင်းဖွဲ့စည်း - မောင်စူးစမ်း
နိုင်ငံရေးယဉ်ကျေးမှု - ခြောက်ပိုင်းဖွဲ့စည်း - မောင်စူးစမ်း
တည်ငြိမ်မှုအလို့ငှာ
                ဒီမိုကရေစီကိစ္စတွင် "နိုင်ငံရေးယဉ်ကျေးမှု" က အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။ ရွေးကောက်ပွဲ မတိုင်မီ၌ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး၌ဖြစ်စေ ဒီမိုကရေစီအကျိုးငှာ တည်ငြိမ်မှုလိုအပ်သည်။ ထို့ကြောင့် ယင်းတည်ငြိမ်မှုကို ဒီမိုကရက်တစ်တည်ငြိမ်မှုဟု ခေါ်သည်။
              ဤသို့သော ဒီမိုကရက်တစ်တည်ငြိမ်မှုရရှိရန်မှာ နိုင်ငံရေးယဉ်ကျေးမှုပေါ် မူတည်သည်။ မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုတွင် အပြတ်အတောက်တွေများသည်။ အာဏာသိမ်းမှု၊ ပါတီဖျက်သိမ်းမှု၊ ဆိုရှယ်လစ်စနစ် စသည်တို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုသည် အပြတ်အတောက် ဖြစ်ခဲ့ရသည်။ ရင့်ကျက်ပြီး ဒီမိုကရေစီနိုင်ငံတို့၌သာ စဉ်ဆက်မပြတ်သော နိုင်ငံရေးယဉ်ကျေးမှုရှိသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး ယဉ်ကျေးမှု ကွင်းဆက်ပြတ်သည်။
ခြောက်ပါး
          ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့၌ နိုင်ငံရေးယဉ်ကျေးမှုသည် မည်သို့ ဖြစ်ထွန်းမည်နည်းဟု ခန့်မှန်းတွက်ကြည့်သည်။ ဤသို့တွက်ကြည့်ရာ၌ နိုင်ငံရေးယဉ်ကျေးမှု၏ အစိတ်အပိုင်းတို့ကို ကနဦးဖော်ပြရန် လိုသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့ နိုင်ငံရေးယဉ်ကျေးမှုတွင် (၁) လူထု၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု၊ (၂) နိုင်ငံရေးပါတီတို့၏ အနေအထား၊ (၃) ၀ါဒရေးရာကိုင်းညွှတ်မှု၊ (၄) အာဏာသိမ်းမှု Coup၊ (၅) အင်စတီကျူးရှင်းတို့တွင် ယုံကြည်စိတ်ချမှုနှင့် (၆) စည်းရုံးဖွဲ့စည်းမှုတို့ ဟူ၍ ပါဝင်သည်။ အာဏာသိမ်းခြင်း၌ အာဏာသိမ်းခြင်းအပေါ် လူထု၏ အမြင်ကိုလည်း ထည့်တွက်သည်။ နောင်တွင် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှုကို နိုင်ငံရေးယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် ထည့်စဉ်းစားရမည်။
ရွေးကောက်ပွဲ
               လူထု၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ သမားရိုးကျပါဝင်မှု (ရွေးကောက်ပွဲ) နှင့် သမားရိုးကျမဟုတ်သော ပါဝင်မှု (ကန့်ကွက်ဆန္ဒပြပွဲ) တို့ဆိုပြီး နှစ်မျိုးခွဲကြည့်သည်။ ရွေးကောက်ပွဲသည် သမားရိုးကျပါဝင်မှု၊ လမ်းပေါ်နိုင်ငံရေး Street Politics နှင့် အခြားအစည်းအဝေးတို့တွင် ပါဝင်မှုတို့သည် သမားရိုးကျမဟုတ်သော ပါဝင်မှု။
တတိယလမ်း
      Coup ခေါ် အာဏာသိမ်းမှုကို နိုင်ငံရေးယဉ်ကျေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ထည့်သွင်း စဉ်းစားသည်မှာ ဆီလျော်၍ မြန်မာနိုင်ငံ၌ သုံးကြိမ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့၍ လက်တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ အာဏာသိမ်းမှုသည် အင်စတီကျူးရှင်းတို့အပေါ် ယုံကြည်စိတ်ချမှုမရှိသောအခါတွင် ပေါ်ပေါက်သည်။ လက်တင်အမေရိကားတွင် ခဏခဏ အာဏာသိမ်းမှုဖြစ်ပွားရာ ယဉ်ကျေးမှုလိုပင် ဖြစ်နေသည်။
       ယခုဝါဒရေးရာနှင့် ပတ်သက်ပြီး အယူအဆတစ်ခုပေါ်နေသည်။ ၎င်းအယူအဆမှာ ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီ ပေါင်းစပ်ပေးရေးဖြစ်သည်။ ယင်းအပေါင်းအစပ်ကို တတိယလမ်းဟု ဆိုသည်။
         သို့ဖြင့် တတိယလမ်းအယူအဆပေါ်သည်။ ပထမဗားရှင်းက ဈေးကွက်စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီ ပေါင်းစပ်ရေးဖြစ်၍ ဒုတိယဗားရှင်းက အလယ်ဗဟိုကို ညွှန်းသည်။ ကြိုးကိုင်ဒီမိုကရေစီတွင် ဆိုရှယ်ဒီမိုကရေစီ ကို ပေါင်းစပ်လို့ ရနိုင်ဖွယ်ရှိသည်။
                                                                                                                                                     မောင်စူးစမ်း (၁၈-၉-၂၀၀၉)
                                                                                                        အညွှန်း -SocialScience Journal
   The Voice Weekly ဂျာနယ်၊အတွဲ၅၊အမှတ်၄၇   
More Articals
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.