စဏ္ဍာလ၊ ဒွန်းစဏ္ဍား
စဏ္ဍာလမှာ ပါဠိစကားဖြစ်၍ အလုပ်ကြမ်းကို ပြုလုပ်သူဟု အဓိပ္ပါယ်ရသည်။ ယင်းကို ဒွန်းစဏ္ဍားဟု
မြန်မာမှု ပြန်ဆိုရေးသားကြ၏။
စဏ္ဍာလကို - ၁။ ပြည့်တန်ဆာတစ်စု ၂။ သွေးမစွမ်းတစ်စု ၃။ သူတောင်းစားများတစ်စု ၄။ သူ ကောင်ထမ်း မြေမြုပ် သုဘရာဇာတစ်စုဟူ၍ လေးစုခွဲကြ၏။
မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၌ - ၁။ စပ် ၂။ အမွှမ်း ၃။ သူကောင်ထမ်း ၄။ တွင်းတူး ၅။ သဂြိုဟ်ကိုင် ဟု စဏ္ဍာလ ငါးစုပြ၏။
စပ်ဆိုသည်မှာ လူသေအလောင်းထည့်သော ခေါင်းပျဉ်၊ ကျင်ပုခုံ၊ ဇာတာအိမ်၊ တလား၊ စမြင်းတိုင်၊ အလောင်းစင်ဗိတာန်၊ ကြာကလာပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စသော အထည်ကိုယ် ၀ါးသစ်သားများကို လုပ်ရသူကို ခေါ်သည်။
အမွှမ်းဆိုသည်မှာ လူသေအလောင်းစင် စသည်တို့လုပ်ထားသော သစ်သား၊ ၀ါး၊ အထည်၊ ကိုယ် များတွင် ဆယ်ယင်ရန် ပိုးဖဲ၊ ပုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက် ကျောက်စီ သတောင်းလည်၊ ကြာဆံ ကြာ ရပ် စသည်များကို အဆင့်အတန်းနှင့်အညီ လှပအောင် လုပ်ဆောင်ရသူ ဖြစ်သည်။
သူကောင်ထမ်း ဆိုသည်မှာ သူသေကောင် မသာလောင်းရွှေ့ပြောင်းခြင်းနှင့် စပ်သမျှ လုပ်ဆောင်ရ သူဖြစ်သည်။
တွင်းတူး ဆိုသည်မှာ လူသေအလောင်းကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း မြုပ်ရန် တွင်းတူး သည့် အလုပ်နှင့်စပ်သမျှ လုပ်ဆောင်ရသူဖြစ်သည်။
သင်္ဂြိုဟ်ကိုင် ဆိုသည်မှာ လူသေအလောင်းကို မြေမြုပ်သောအခါ မီးရှို့သောအခါ တံစူးဝါးများနှင့် ကိုင်တွယ် မြေမြှုပ် မီးဖုတ်သော အလုပ်၊ အရိုးကောက်၊ အရိုးမြှုပ်၊ အရိုးမျှောအလုပ်ကို လုပ်ကိုင်ရသောသူ ဖြစ်သည်။
စဏ္ဍာလများထံမှ ရရှိသော အခွန်အကောက်ကိုမူ အရွတ်ဝန်ထံ အပ်နှံသိမ်းဆည်းထားရပြီး နိုင်ငံခြား မှ ရောက်လာသော သံတမန်များကို ကျွေးမွေးပြုစုရသည်။
ကျွန်သီးတော်ခေါ်သော ဘုရားကျွန်၊ ပိဋကတ်ကျွန်၊ ကျောင်းကျွန်တို့ကို အမြတ်စား၊ အလတ်စား၊ အနိမ့်စား၊ အညံ့စားဟု လေးမျိုးပြထားရာ စဏ္ဍာလမှာ အညံ့စားတွင် ပါဝင်သည်။
အညံ့စားလေးမျိုးတွင် ပါဝင်သူတို့မှာ-
၁။ ဝေဏု - ၀ါးခုတ်၊ ၀ါးခွဲ၊ နှီးထိုး၊ ဖျာယက် ပြုလုပ်သောသူ၊
၂။ ရထကာရ - သစ်ရွေသမား ရထားလှည်း စသည်အလုပ်သမား၊
၃။ နေသာဒ - တံငါမျိုး၊ မုဆိုးမျိုး၊
၎။ ပက္ကုသ - ပန်းမှိုက်သွန်၊ အညစ်အကြေး သုတ်သင်သူများ၊
၅။ စဏ္ဍာလ - ဒွန်းစဏ္ဍားမျိုးများ ဖြစ်ကြသည်။
(စွယ်စုံကျမ်း၊ တွဲ-၄၊ နှာ-၄၈)