အနောက်တိုင်းဆေး မတိုးတော့သည့် ရောဂါ ဆိုးကြီးများ အတွက် မြန်မာ့တိုင်းရင်း ဆေးပညာ ပေါင်းစပ် ကုသမှုများ အောင်မြင် ဖြစ်ထွန်းနေ
မြန်မာ့တိုင်းရင်းဆေးပညာ၏ ပင်ကိုသဘောသဘာဝသည် အလွန်ကျယ်ဝန်းနက်ရှိုင်းလှသကဲ့သို့ အနှစ်သာရအားဖြင့် လည်း လွန်စွာသိမ်မွေ့နက်နဲလှသည်။ ယင်းသို့ နက်နဲခက်ခဲသောမြန်မာ့တိုင်းရင်းဆေးပညာ၏ပညာခန်းအဆီအနှစ်များသည် သမိုင်း ခေတ်အဆက်ဆက်တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ ရေးသားပြုစုခဲ့ကြသည့် ဆေးပညာဆိုင်ရာ ပေပုရပိုက်အဆူဆူ၊ စာပေကျမ်းဂန်အရပ်ရပ်နှင့်ဆေးကျမ်းအစောင်စောင်တို့၌ ကိန်းအောင်းလွှမ်းခြုံနေသကဲ့သို့ ဆရာစဉ်သမားဆက် လက်ဆင့်ကမ်း အမွေပေးခဲ့သော ဆေးပညာရပ်များ၊ ကုထုံးကုနည်းများ၊ အာနိသင်ထက်မြက်သည့် ဆေးဝါးများတွင်လည်းပေါင်းစည်းပါဝင်လျက် ရှိပါသည်။အနောက်တိုင်းဆေးဝါးများ မတိုးတော့သည့် ရောဂါဆိုးကြီးများအတွက် အနောက်တိုင်းဆေးပညာနှင့် မြန်မာ့တိုင်းရင်းဆေး ပညာပေါင်းစပ်ကုသမှုများအောင်မြင်ဖြစ်ထွန်း နေပြီဖြစ်၍ ပိုမိုပြီးထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့်သုတေ သနလုပ်ငန်းများ ကုထုံးကုနည်းများနှင့် ဆေးဝါးများစံချိန်ပြုမှတ်တမ်းတင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ယနေ့ကျန်းမာရေးကဏ္ဍတွင် အဓိကပြဿနာများဖြစ်သည့် ငှက်ဖျား၊ တီဘီ၊သွေးတိုး၊ ဆီးချို၊ ဝမ်းကိုက်နှင့် ဝမ်းလျှောဝမ်း ပျက်ရောဂါတို့ကို ကုသနိုင်သော ကုထုံးသစ်များဖြင့်တိုင်းရင်းဆေးဝါးသစ်များ သုတေသနပြုဖော်ထုတ်မှုလုပ်ငန်း ခေတ်အဆက်ဆက် အသုံးပြုလာခဲ့ကြသော တိုင်းရင်း ဆေးကုန်ကြမ်းများကို နိုင်ငံခြားမှ မှာယူတင်သွင်းရခြင်းမျိုးမဖြစ်သင့်သည့်အတွက် ပရဆေးပင်များ မျိုးထိန်းမှု၊ မျိုးပွားမှု၊ Tissue Culture ဟုခေါ်သော ခေတ်မီနည်းစနစ်များ အသုံးပြုပြီးစီးပွားဖြစ်ထုတ်လုပ်မှုများ ဖြစ်ထွန်းလာအောင် အားထုတ်ကြိုးစားကြရန် လိုကြောင်း၂၀၀၈ခုနှစ်ဒီဇင်ဘာလ၃ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။