(အန္တာနန္တဒိဋ္ဌိ ဒုတိယ၀ါဒ)
၅၅။ ဒုတိယ၀ါဒ၌ကား အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်သနည်း -
ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးမရှိဟု ထင်မှတ်လျက် နေ၏၊ ထိုသူသည် ဤသို့ ဆို၏ -
''ဤလောကသည် အဆုံးမရှိ၊ အပိုင်းအခြား မရှိ၊ ' ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည် မှား၏၊ ဤလောကသည်အဆုံးမရှိ အပိုင်းအခြားမရှိ၊ အဘယ်ကြောင့်ဆိုသော် -
ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံး မရှိဟု ထင်မှတ်လျက်နေ၏၊ ဤအကြောင်းကြောင့် ဤလောကသည် အဆုံးမရှိ၊ အပိုင်းအခြားမရှိဟု ငါသိ၏'' ဟူ၍ ဆို၏။
ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိ အဆုံးမရှိ ကိုပြကုန်၏။ (၂-၁၀)




၁ ဒေါ်လာ= ၉၈၀ ကျပ်
၁ ဘတ် = ၃၁ ကျပ်