(အန္တာနန္တဒိဋ္ဌိ အဆုံးရှိ အဆုံးမရှိအယူ လေးမျိုး)
၅၃။ ရဟန်းတို့ အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) လောက၏ အဆုံးရှိ အဆုံးမရှိကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏၊ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြအဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း။
------
(အန္တာနန္တဒိဋ္ဌိ ပဌမ၀ါဒ)
၅၄။ ရဟန်းတို့ ဤလောက၌ အချို့ သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးရှိ၏ဟု ထင်မှတ်လျက် နေ၏၊ ထိုသူသည် ဤသို့ ဆို၏ -
''ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏၊ အဘယ်ကြောင့်ဆိုသော်-ငါသည်ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးရှိ၏ဟု ထင်မှတ် လျက် နေ၏၊ ဤအကြောင်းကြောင့် ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏ဟု ငါသိ၏'' ဟူ၍ဆို၏။
ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိ အဆုံးမရှိ ကိုပြကုန်၏။ (၁-၉)
------