(သဿတဒိဋ္ဌိ - တတိယ၀ါဒ)
၃၃။ တတိယ၀ါဒ၌ကား တည်မြဲအယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်သနည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘ၀ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -
ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ နှစ်ဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘ၀) ၌ (ငါ) သည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘ၀) မှ သေခဲ့၍ ထို (ဘ၀) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘ၀) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘ၀) မှ သေခဲ့၍ ဤ (ဘ၀) ၌ ဖြစ်ပြန်ခဲ့၏}ဟု အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌နေဖူးသော ဘ၀ကို အောက်မေ့နိုင်၏။
ထိုသူသည် ဤသို့ ဆို၏ -
''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ။မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တ၀ါတို့သည်ပင်လျှင် (တစ်ဘ၀မှ တစ်ဘ၀သို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာတို့နှင့်တူစွာ အမြဲရှိနေသည်သာတည်း၊ အဘယ်ကြောင့်ဆိုသော် -
ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကိုစွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည့်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘ၀ကိုအောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -
ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ နှစ်ဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘ၀) ၌ (ငါ) သည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘ၀) မှ သေခဲ့၍ ထို (ဘ၀) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘ၀) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘ၀) မှ သေခဲ့၍ ဤ (ဘ၀) ၌ ဖြစ်ပြန်ခဲ့၏'ဟု အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ဘ၀ ကို အောက်မေ့နိုင်၏၊ ငါသည် ဤအကြောင်းကြောင့် -
'အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တ၀ါတို့သည်ပင်လျှင် (တစ်ဘ၀မှ တစ်ဘ၀သို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာ တို့နှင့်တူစွာ အမြဲရှိနေသည်သာတည်း'ဟု သိ၏'' ဟူ၍ ဆို၏။
ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍တည်မြဲအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်၏။ (၃)
------