စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

                             ဓားမကူး ဆရာတော်ခေါ် တောင်ဖီလာဆရာတော်

           တောင်ဖီလာဆရာတော်ကြီးသည် ညောင်ရမ်းသုံးဆက်မြောက်ဖြစ်သော သာလွန်မင်းတရားကြီး ကိုးကွယ်သည့် ဆရာတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်၌ စလင်းမြို့တွင် ဖွားမြင်သည်။ ထိုနှစ်တွင် ပျံလွန်တော်မူသော ဆီးတောဆရတော်ဝင်စားသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြသည်။

         ဆရာတော်လောင်းလျာသည် ၁၃-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်သည်။ ငါးဆူဒါယကာ၏ သားတော် သတိုးဓမ္မရာဇာဘွဲ့ခံ မင်းကြီးနှောင်းပင့်၍ ပြည်မြို့သို့ရောက်သည်။ မင်းကြီးနှောင်း ကိုးကွယ်သော အရှင်ဘိသင်္ကေတသာရထံတွင် ဆည်းကပ်၍ စာပေပိဋကတ်သင်ကြားသည်။ ၉၅၅-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် ဝေဿန္တရာပျို့ကို ဖွဲ့ဆိုစီရင်ရာ လောကဓမ္မနှင့် ပြည့်စုံလှသော ကြောင့် သာမဏေကျော်ဟု ထင်ရှားလာသည်။ ထူးချွန်လှသဖြင့် ပဉ္ဇင်းကျော်ဟု ထင်ရှားပြန်သည်။

       ၉၇၀-ပြည်နှစ်တွင် အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို လုပ်ကြံအောင်မြင်ပြီးသောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို အင်းဝမြို့သို့ ပင့်ဆောင်ကိုးကွယ်သည်။
အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်စဉ် ငါ ပြည်ကိုလုပ်ကြံသည်ကား ရှင်တဆူ၊ လူတယောက်သာ ရသည်-ဟု မိန့်ဆိုခဲ့သည်။ ရှင်တဆူဟူသည် တောင်ဖီလာဆရာတော်လောင်း ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို ဆိုလိုသည်။ လူတယောက်ဟူသည်မှာ ငထင်ငယ်ကို ဆိုလိုသည်။

       ၉၉၁-ခုနှစ်တွင် အင်းဝမြို့၌ သာလွန်မင်းတရားကြီး အထွဋ်အထိပ်သို့ရောက်သောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို မင်းဆရာတင်မြှောက်၍ တိပိဋကာလင်္ကာရ ဘွဲတံဆိပ်အပ်နှင်းသည်။
       ၉၉၆-ခုနှစ်တွင် အရှင်မုနိန္ဒဃောသသည် မင်းရဲကျော်စွာ ဆောက်လုပ်သော စစ်ကိုင်းတောင်အနီး ဧရာဝတီမြစ်နားရှိ လေးထပ်ကျောင်းတွင် သီတင်းသုံးသည်။ ထိုစဉ် အရှင်မြတ်သည် စက်တော်ရာသို့ ကြွ တော်မူ၍ တော်ချုံဖုံးအုပ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေရာ တွေ့ရှိတော်မူသည်။ ဤသည်မှစ၍ လူဒါယကာတို့သည် စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ခုတ်ထွင်ရှင်းလင်းခဲ့ ကြသည်။

      အရှင်မုနိန္ဒဃောသသည် စက်တော်ရာမှ အပြန်တွင် ပခန်းကြီးရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇထံတွင် ၀င်ရောက်ဖူးတွေ့သည်။ ရွှေဥမင်ဆရာတော်သည် ခေါင်လှသောအရပ်ဒေသတွင် လူသူတော်တယောက်နှင့် သာ ခေါင်းပါးစွာနေတော်မူသည်။
     ဤတွင် အရှင်မုနိန္ဒဃောသ-က လူသူနည်းပါး လှသည်။ ကြောက်တော်မမူပါလော-ဟု မေးတော်မူသည်။

       ရွှေဥမင်ဆရာတော်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်-ဟု မိန့်တော်မူသည်။
       ထိုအခါ အရှင်မုနိန္ဒဃောသ-က ငါသည် မကြောက်တတ်သူ ဖြစ်ခဲ့ပြီ-ဟု တရားသံဝေဂ ရမိသည်။
       ထို့နောက် အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်အား မေးမြန်းရာ ၀ိနည်းပါဠိတော် ငါးကျမ်း နိဿယကို စီရင်ပြီးကြောင်း သိရှိသွားသည်။ ကျမ်းပြုသက္ကရာဇ်ကိုကြည့်သောအခါ မိမိစီရင်ပြီးသား ကျမ်းပြု သက္ကရာဇ်ထက် ဦးသောကြောင့် မိမိစီရင်ထားသော ၀ိနည်းပါဠိ ငါးကျမ်းနိဿယကို ဌာပနာသွင်း၍ စေတီ တည်သည်ဟု ဆိုသည်။

       အချို့ကမူ အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်၏ နိဿယနှင့် မိမိစီရင်သော နိဿယကို ယှဉ်ကြည့်၍ နိဿယနှစ်စောင်ကြောင့် နှစ်နည်းရှိနေပြီ။ ဘုရားနှစ်ဆူ ပြိုင်၍ပွင့်သော် သူ့ဘုရားသာသည်။ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိဖြစ်လေတော့မည်ဟု ဆင်ခြင်ကာ မိမိစီရင်အပ်သော နိဿယကို စေတီရင်ပြင်မှာ မီးပူဇော်သည်-ဟု ဆိုကြသည်။

       အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် အလွန်သံဝေဂရသဖြင့် မိမိသီတင်း သုံးရာ လေးထပ်ကျောင်းသို့ မပြန်တော့။ မင်းဝံတောင်ရိုး အရှေ့ချောက်ကြား၌ တောထွက်တော်မူသည်။         တောထွက်သည့်နေ့ရက်ကား ၁၀၀၀-ပြည့်နှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ သက်တော် ၆၀-ပြည်တွင် ဖြစ် သည်။

      ဤအကြောင်းကိုကြားလျှင် သာလွန်မင်းတရားနှင့် ညီတော် စလင်းစား မင်းရဲကျော်စွာတို့သည် ဆရာတော်ကို သူ့ထက်ငါဦး ရှာကြသည်။ စလင်းစားသည် ဆရာတော်ကို အလျင်တွေ့သဖြင့် တောင်ဖီလာ ချောင်၌ ဇေတ၀န်ကျောင်းဆောက်၍ လှူသည်။ သာလွန်မင်းတရားကြီးကား မဟာတိပိဋကာလင်္ကာရ ဟူသော တံဆိပ်တော်ကို လှူတော်မူသည်။ ထိုအခါမှစ၍ တောင်ဖီလာဆရာတော်ဟု တွင်လေသည်။

        သာလွန်မင်းတရားကြီးသည် မိမိ၏ဆရာတော်၊ တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိကို အထင် အရှားသိစေလိုသဖြင့် နန်းတွင်းသူမတဦးကို ဆရာတော်ကျောင်းသို့ ၀င်စေသည်။ ဆရာတော်အား ဖြား ယောင်းစေသည်။

        ဆရတော်သည် မာတုဂါမက တညလုံး ဖြားယောင်းပါသော်လည်း သိက္ခာပုဒ်ကို ထိန်းသိမ်းသည်။ တညလုံးမအိပ်မစက်၊ ရူပါရုံ၊ သဒ္ဒါရုံတို့၌ အာရုံမထားဘဲ ဓားမဖြင့် မိမိခြေသလုံးသားကို လှီးသည်။    ထိုမှဖြစ်လာသော ဒုက္ခဝေဒနာကိုသာ ခံစားလျက် တရားမလွတ်၊ မချွတ်မယွင်း တရားရှုမှတ်လျက် မိုးလင်းအောင် နေတော်မူသည်။

        နံနက်သို့ရောက်သော် အချို့က ဆရာတော်ဘုရားသည် ခရီးသွားမိန်းမနှင့် ညက မှားယွင်းလေသည်ဟု ဆိုကြ၍ အင်းဝမြို့တမြို့လုံး၌ ကောလာဟလဖြစ်လေ၏။
       ထိုအခါ ဆရာတော်သည် သူ၏ခြေသလုံးသားကို လှီးသော ဓားမကို သက်သေထူ၍ အဓိဋ္ဌာန်ဖြင့် ရေကန်တွင်မျှောလေရာ ထိုဓားမသည် ရေ၌ ကူးလေသည်ဟု ဆိုရိုးစကားရှိ၏။ ဤအကြောင်းကိုရည်၍ တောင်ဖီလာဆရာတော်ကို ဓားမကူးဆရာတော် ဟု ခေါ်ဝေါ်ကြသည်။

       တောင်ဖီလာဆရတော်ကြီးသည် အဋ္ဌသာလိနီကျမ်းဦးအဖွင့် ၀ီသတိဝဏ္ဏနာကျမ်း၊ ယသ၀ဍ္ဎန၀တ္ထု၊ ၀ိနယာလင်္ကာရဋီကာ စသည်ဖြင့် ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့သည်။
       ဆရာတော်ကြီး၏လက်ထက်တွင် အင်းဝနေပြည်တော်၌ ကျောက်ရောဂါကျရောက်ရာ ဆရာတော်ကြီး သည် ပြည်သူအများကို လျစ်လျူရှုတော်မမူ။ ကျောက်ရောဂါကာကွယ်ရေးကျမ်းကိုလည်း ပြုစုစီရင်ခဲ့သည်။

      တောင်ဖီလာဆရာတော်ကြီးသည် ရှင်သာမဏေဘ၀တွင် သာမဏေကျော်၊ ရဟန်းဖြစ်စတွင် ပဉ္ဇင်း ကျော်၊  မင်းဆရာဘ၀တွင် တိပိဋကာလင်္ကာရအကျော်၊ တောထွက်တော်မူလျှင် တောင်ဖီလာဆရာတော်၊ သီလအရာတွင် စင်ကြယ်မြင့်မြတ်သဖြင့် ဓားမကူဆရာတော်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။   
     ဆရာတော်ကြီးသည် ၁၀၁၂-ခုနှစ် သက်တော် ၇၂-နှစ်တွင် ပျံလွန်တော်မူသည်။

                       ဆရာတော်ကြီးအမြဲရွတ်ဆိုတော်မူသော အစွမ်းထက် ဂါထာတော်များ။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.