စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ထိုင်းနိုင်ငံက ATM စက်တချို့တွင် မြန်မာဘာသာ စတင်အသုံးပြု


ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း တခုဖြစ်သော မြန်မာများက K ဘဏ်ဟု အလွယ် ခေါ်သည့် Kasikorn Bank သည် ၎င်းတို့ ကုမ္ပဏီပိုင် ငွေသွင်း ငွေထုတ်စက် (ATM) များတွင် မြန်မာ ဘာသာကိုပါ ထည့်သွင်း လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

MM-ATM
မြန်မာဘာသာ ထည့်သွင်းထားသည့် ATM စက် တလုံး (ဓာတ်ပုံ - Bangkokpost)
ယင်းစနစ်ကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် မိတ်ဆက် ပေးခဲ့ပြီး ယခုလမှစ၍ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

“မြန်မာ အလုပ်သမားတွေ၊ သူတို့ကို အလုပ်ခန့်တဲ့ အလုပ်ရှင်တွေရဲ့ တောင်းဆိုမှု တွေကြောင့် အခုလို မြန်မာ ဘာသာကို ထည့်သွင်းရခြင်း ဖြစ်ပါတယ်။ အခု အချိန်မှာတော့ ATM စက် အလုံး ၁၀၀ ကိုပဲ မြန်မာဘာသာ ထည့်သွင်း ရပါသေးတယ်။ နောက်ထပ် စက်တွေထဲမှာလည်း ထပ်မံထည့်သွင်း သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု Kasikorn Bank ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဝီရာဝပ် ပန်တဝမ်ခွန်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာဘာသာ ထည့်သွင့်ထားသည့် ATM စက်များ၏ ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသား ငါးဖမ်းအလုပ်သမားများ နေထိုင်ကြသည့် ဆမွတ် ဆခွန် အရပ်၌ လည်းကောင်း၊ ကျန်သည့် စက်များကို ပက်ချဘူရီ၊ ပရာချွတ် ကီရီခန်၊ ရနောင်း နှင့် တရပ် ခရိုင်တို့တွင် ထားရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာနိုင်ငံမှ မိသားစုများထံသို့ ငွေလွှဲပို့ပေးရာတွင် ထိုင်း- မြန်မာ နယ်စပ်မြို့များရှိ ငွေကြေး ပို့ဆောင်ပေးသော ပွဲစားများထံသို့ ဘဏ်စနစ်ဖြင့် လွှဲပို့ပေးသည်။ ထိုပွဲစားများမှတဆင့် မြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်ရာ မြို့များအလိုက် ပြန်လည် လွှဲပို့ ပေးကြသည်။

ငွေလွှဲပို့ခြင်းကို လုပ်ကိုင်နေသည့် တာချီလိတ်မြို့မှ အမျိုးသမီး တဦးက “ချင်းမိုင်၊ ဘန်ကောက်၊ ပတ္တရား လိုမြို့တွေကနေ ပိုက်ဆံလွှဲလာရင် ကျမတို့က မယ်ဆိုင်ဘက်ကမ်းကို ကူးပြီး သွားထုတ်တယ်။ ပြီးရင် ဒီဘက် မြန်မာနိုင်ငံက ဘဏ်နဲ့ သူတို့ လွှဲချင်တဲ့ မြို့တွေဆီကို ပြန်လွှဲပေးပါတယ်။ မယ်ဆိုင်က ATM စက်တွေမှာလည်း မြန်မာဘာသာ ထည့်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကျမတို့ဆိုရင် ထိုင်းစာ မတတ်ဘူး။ အင်္ဂလိပ်လိုလည်း မကျွမ်းကျင်ဘူး။ သူများတွေ သင်ပေးထားတဲ့ ပုံသေနည်းအတိုင်းပဲ ငွေသွင်းငွေထုတ် လုပ်နေကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။

သူ့ထံမှတဆင့် တလလျှင် မြန်မာနိုင်ငံသား၂၀ ခန့်၏ ငွေများကို လွှဲပို့ပေးနေရကြောင်း၊ တာချီလိတ်မြို့တွင် ငွေလွှဲပို့ခြင်းကို လုပ်ဆောင်ပေးနေသူများမှာ ၃၀ မှ ၅၀ ခန့် ရှိကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။

ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား တဦးက “အဲဒီလို နယ်စပ်က လွှဲတာက လွယ်တယ်။ ပွဲစားတွေကို ဘတ် ၃၅၀၀ ပေးလိုက်ရင် မြန်မာနိုင်ငံဘက်မှာ တသိန်း ထုတ်ယူလို့ ရပြီ” ဟု ဆိုသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၅ သန်းခန့်ကို ထိုင်းစီးပွားရေး ကုမ္ပဏီများက ပစ်မှတ်ထားကာ ထည့်သွင်း စဉ်းစားလာကြကြောင်း တွေ့ရသည်။တယ်လီဖုန်းခေါ်ဆိုသည့် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီ True Move သည်လည်း မကြာသေးခင်မှ စတင်၍  လက်ကမ်း စာစောင်များတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရိုက်နှိပ် ကြော်ငြာလာသည်။

တခြား နာမည်ကြီး တယ်လီဖုန်း ကုမ္ပဏီတခုဖြစ်သော Dtac ကုမ္ပဏီတွင်လည်း မြန်မာစကား ပြောနိုင်သည့် တယ်လီဖုန်း အော်ပရေတာများ ထားရှိခြင်း၊ မြန်မာ တေးသီချင်းများ ထည့်သွင်းပေးခြင်း၊ မြန်မာနိုင်ငံတွင်းသို့ ခေါ်ဆိုခများ လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနေသည်။

ဘန်ကောက်မြို့ရှိ မြန်မာအများစုနေထိုင်သော ရပ်ကွက်များတွင်လည်း ကြော်ငြာ ဆိုင်းဘုတ်များ၊ ကုန်ပစ္စည်း ဈေးနှုန်းများ ကို မြန်မာဘာသာများဖြင့် ရေးသားလာကြကြောင်း ဘန်ကောက် မြို့ခံများက ဆိုသည်။

အတည်မပြုနိုင်သည့် သတင်းများအရ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးတေဇ က မကြာသေးမီက စတင် ဖွင့်လှစ်လိုက်သည့် ၎င်းပိုင် ဘဏ်များသည် ထိုင်းနိုင်ငံမှ ဘဏ်များနှင့် ချိတ်ဆက်ကာ နိုင်ငံခြား ငွေကြေးဈေးကွက်ကိုပါ ထိုးဖောက် ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအဖို့ လည်ပတ်ရန်၊ ဈေးဝယ်ထွက်ရန်၊ ပညာသင်ရန်နှင့် အလုပ်လုပ်ရန် နိုင်ငံကောင်းတခုအဖြစ် လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်၍ ရေပန်းစားခဲ့သည်။

နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ် (ရန်ကုန်) တွင်လည်း ယခုနှစ်မှ စတင်ကာ ထိုင်းဘာသာရပ်ကို စတင် ထည့်သွင်းသင်ကြား သွားမည်ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် အရှေ့တောင် အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံသို့ ဒုတိယ အများဆုံး ဝင်ရောက်သူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည်  ထိုင်းနိုင်ငံသို့ တလလျင် ပျမ်းမျှ လူဦးရေ ၅၀၀၀ မှ ၈၀၀၀ အထိ ဝင်ရောက်ကြကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။


ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း တခုဖြစ်သော မြန်မာများက K ဘဏ်ဟု အလွယ် ခေါ်သည့် Kasikorn Bank သည် ၎င်းတို့ ကုမ္ပဏီပိုင် ငွေသွင်း ငွေထုတ်စက် (ATM) များတွင် မြန်မာ ဘာသာကိုပါ ထည့်သွင်း လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

စိုင်းဇွမ်ဆိုင်း

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.