လူ့လောကထဲမှာ ပြဿနာတွေပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းနေရတာ လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ လူတွေမှာ စိတ်တွေကြည်လင်နေတဲ့ အခါတွေရှိသလို စိတ်မကြည်လင်တဲ့အခါလည်း ရှိနိုင်ပါတယ်။ အခုလို စိတ်မကြည်လင်တဲ့ အခါများကတော့ လူမှုရေးတွေ၊ သားရေးသမီးရေးတွေ၊ မိသားစုစားဝတ်နေရေး မပြေလည်တာတွေ ကြောင့်ဖြစ်ပြီး အဆိုးဆုံးကတော့ ကျန်းမာရေးဖြစ်ပါတယ်။ လူဆိုတာ ကျန်းမာနေခိုက်မှာ အရာရာကို ကျော်ဖြတ်နိုင်ပေမယ့် မကျန်းမာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာတွင်သာမက စိတ်ပိုင်းဆိုင်ရာလည်း များစွာ ထိခိုက်စေပါတယ်။ "လူမသေ ငွေမရှား" ဆိုတဲ့ စကားပုံအတိုင်း နေထိုင်ကောင်းနေတဲ့အချိန်မှာ မိသားစုအတွက် ရှာဖွေကျွေးမွေးနိုင်ပေမယ့် နေထိုင်မကောင်းတော့တဲ့ အခါမှာ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှု၊ စွမ်းဆောင်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ ကိုယ့်ရဲ့ အထက်လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင် ဖက်ပဲဖြစ်ဖြစ် စိတ်ကြည်လင်မှု မရှိတဲ့အခါမှာ သူဟာ အလုပ်မှာ စိတ်ဝင်စားမှု ကျလာတာကို တွေ့ရပါမယ်။ ဒါကို ဘေးပတ်ဝန်းကျင်က မသိဘဲ အပြစ်တင်တာတွေ၊ အပြစ်ပေးချင်တာတွေ ဖြစ်လာတတ်ပါတယ်။
တကယ်မှာတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူ့ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ ဖြေရှင်းနိုင်တာ တွေကို ညင်သာစွာနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဖေးမကူညီပေးရပါမယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် တဖြည်းဖြည်း ပုံမှန်ပြန်ပြီး ဖြစ်လာနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ၀ိုင်းပြီးအပြစ်တင်ကြရင်တော့ စိတ်ဓာတ်တွေ ပိုကျလာပြီး တစ်နေ့မှာ အလုပ်က ထွက်သွားတာတွေ၊ အလုပ်ပြောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရဲ့ အိမ်နီးနားချင်း၊ ကိုယ့်ရဲ့တပည့်များ၊ ဆရာများရဲ့ လတ်တလော စိတ်မကြည်လင် စေတဲ့ အကြောင်းတစ်ခုရှိရင် ပုံမှန်ဖြစ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ဒီလူတွေဟာ ပုံမှန်ပြန်ဖြစ် လာပြီး အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။
အတော်များများ ကိစ္စတွေမှာ လူငယ်တွေမှာ ဖြစ်ပေါ်ပြီး ခံစားနေရတာတွေကို လူကြီးတစ်ယောက် သိဖို့မလွယ်နိုင်ပါ။ ဒါပေမယ့် သိအောင် ကြိုးစားပြီး အတတ်နိုင်ဆုံး ပုံမှန်ဖြစ်သွားအောင် လုပ်ပေးဖို့တော့ တာဝန်ရှိပါတယ်။ လူဟာ စက်ရုပ်မဟုတ်ပါ။ သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ခံစားချက် အပြည့်အ၀နဲ့ နေနေကြတာ ဖြစ်ပါတယ်။ ဒါတွေကို တစ်ယောက်ကို တစ်ယောက် နားလည်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီး လုပ် လာကြမှာ ဖြစ်ပါတယ်။