(ဧကစ္စသဿတဒိဋ္ဌိ ဒုတိယ၀ါဒ)
၄၅။ ဒုတိယ၀ါဒ၌ကား အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းအချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်သနည်း -
ရဟန်းတို့ ခိဍ္ဍာပဒေါသိက၁ မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘ၀မှ စုတေကုန်၏။
၄၆။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တ၀ါသည် ထို (နတ်) ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ၀င်ပြီးလျှင် ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘ၀ကိုအောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -
''အကြင်အသျှင်နတ်တို့သည် ခိဍ္ဍာပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘ၀မှ မစုတေ ကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်းမရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ ကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ (ထို့ကြောင့်) မြဲသော အရာတို့နှင့်တူစွာ တည်မြဲ တိုင်းပင်တည်ကုန်လတ္တံ့၊ ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာ မြင့်စွာ ကျီစယ် ပျော်ပါးလျက်နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထို (နတ်) ဘ၀မှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘော ရှိကုန်၏။ (ထို့ကြောင့်) ဤ (လူ့) ဘုံသို့ ရောက်လာကုန်၏''ဟု ဆို၏။
ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်၏။ (၂-၆)
------
၁။ ခိဍ္ဍာပဒေါသိက (ပါဠိ) ခဍ္ဍာ = ပျော်ပါးခြင်းကြောင့် + ပဒေါသိက = ပျက်စီးသောနတ်။