(ဧကစ္စသဿတဒိဋ္ဌိ တတိယ၀ါဒ)
၄၇။ တတိယ၀ါဒ၌ကား အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းအချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်သနည်း -
ရဟန်းတို့ မနောပဒေါသိက၁ မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာအချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ်ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့်ထိုနတ်ဘ၀မှ စုတေကုန်၏။
၄၈။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တ၀ါသည်ထို (နတ်) ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ၀င်ပြီးလျှင် ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့ လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသောထို (နတ်) ဘ၀ကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -
''အကြင် အသျှင်နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာအချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ်မပင်ပန်းကုန်သော ကြောင့် ထို (နတ်) ဘ၀မှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ (ထို့ကြောင့်) မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့၊ မနောပဒေါသိကဖြစ် သော ငါတို့ကားအလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ကိုယ်စိတ်ပင်ပန်းသောကြောင့် ထို (နတ်) ဘ၀မှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏။ (ထို့ကြောင့်) ဤလူ့ ဘုံသို့ရောက်လာကုန်၏''ဟု ဆို၏။
ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်၏။ (၃-၇)
------
၁။ မနော = ဒေါသစိတ်ကြောင့် + ပဒေါသိက = ပျက်စီးသောနတ်။